စဉ့်ကိုင် ဧပြီ ၃၀
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲ (စဉ့်ကိုင်မြို့နယ်တာဝန်ခံရုံး)မှ ရက်(၁၀၀)စီမံချက်ဖြင့် ပျားမွေးမြူရေး ပြည်သူ အသိပညာပေး သင်တန်းကို ဧပြီလ ၂၈ ရက် နေ့လယ် ၁၁ နာရီက စဉ့်ကိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလှမျိုး၊ တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာသန်းအေး၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဝင်းထိန်၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ (စဉ့်ကိုင်မြို့နယ်ရုံး)မှ မြို့နယ်ဦးစီးမှူး ဦးသိန်းကိုနှင့်ဝန်ထမ်းများ၊ သင်တန်းသား/သူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာသန်းအေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ (စဉ့်ကိုင်မြို့နယ်ရုံး)မှ မြို့နယ်ဦးစီးမှူး ဦးသိန်းကိုက ဆီထွက်သီးနှံ နေကြာနှင့်နှမ်းစိုက်ခင်းများတွင် ပျားများဖြင့် ဝတ်မှုန်ကူးခြင်းကြောင့် သီးနှံများ ပိုမိုထွက်ရှိပြီး တောင်သူများ အကျိုးစီးပွားများစွာ ဖြစ်ထွန်းလာစေရန်၊ ခေတ်မီပျားပညာရပ်များကို တောင်သူများထံ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်၊ ဒေသအခြေအနေနှင့်ကိုက်ညီသည့် ပျားမျိုးများကို မွေးမြူပြီး ပျားရည်များ ပိုမိုထုတ်လုပ်နိုင်ရန်၊ ပျားရည်နှင့် ပျားထွက်ပစ္စည်းများကို အသုံးပြုပြီး နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများတွင် အထောက်အကူပြုရန်စသည့် ရည်ရွယ်ချက်များဖြင့် ယခုလိုသင်တန်းများဖွင့်လှစ် ပေးရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပျားမွေးမြူမှု ထုတ်လုပ်ရေးဌာနခွဲ (စဉ့်ကိုင်မြို့နယ်တာဝန်ခံရုံး)မှ မြို့နယ်ဦးစီးမှူး ဦးသိန်းကိုက ဆီထွက်သီနှံနေကြာနှင့် နှမ်းစိုက်ခင်းများဖြင့် ဝတ်မှုန်ကူးခြင်း ဆောင်ရွက်မှု အခြေအနေ၊ ဗီယက်နမ်ပျားဘုရင်မဖြင့် ပုဂ္ဂလိကပျားမွေးမြူသူများသို့ ပျားမျိုးမြှင့်တင်ရေး ဆောင်ရွက်ရန်ဖြန့်ဖြူးပေးမှု အခြေအနေများ ပျားရည်ထုတ်လုပ်မှုလုပ်ငန်းသုံး ပစ္စည်းများဖြင့် ပျားရည်ထုတ်လုပ်ပုံ အဆင့်ဆင့်တို့အား လက်တွေ့ရှင်းလင်းပြသခဲ့ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလှမျိုးနှင့် တက်ရောက်လာကြသည့် သင်တန်းသား/သူများနှင့် ဒေသခံတောင်သူများက သိလိုသည်များမေးမြန်းခဲ့ရာ မြို့နယ်ဦးစီးမှူး ဦးသိန်းကိုက ပြန်လည်ဖြေကြားခဲ့ကြောင်းသိရပြီး သင်တန်းကို ဧပြီလ ၂၈ ရက်နေ့မှ မေလ ၂ ရက်နေ့ထိ ၅ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)