ကျောက်ပန်းတောင်း ဧပြီ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၌ ဧပြီ (၂၈)ရက်နေ့ ညနေ (၄)နာရီ (၂၀)မိနစ်ခန့်က မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုများကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့တွင် ဘုန်းတော်ကြီးကျောင်းများနှင့် လူနေအိမ်များ အမိုးလန်ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်းနှင့် မိုးကြိုးထိမှန်မှုကြောင့် လူတစ်ဦးသေဆုံးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံးမှ သိရသည်။
မြို့နယ်အတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မြို့ပေါ်တွင် ဈေးကွက်သစ်ရပ်ကွက်ရှိ ကုန်စုံဆိုင်ခေါင်မိုးပေါ်သို့ ပိတောက်ကိုင်းကြိုးကျခြင်းနှင့် လမ်းဘေးသစ်ပင်များ ကိုင်းကျိုးခြင်း၊ အမြစ်လန်လဲကျခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာရေးအဖွဲ့ဝင် ဝန်ထမ်းများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်။ ထို့အတူ မိုးသက်လေပြင်းနှင့် မိုးကြိုးထစ်ခြုံး ပစ်ခတ်မှုကြောင့် ဈေးကုန်းကျေးရွာအုပ်စု မြိုင်သာယာကျေးရွာနေ ဦးရဲဝင်းသိန်း (ဘ)ဦးခင်မောင်ကျော်(သ) (၄၆)နှစ်မှာ မိုးကြိုးထိမှန်သေဆုံးခဲ့ကြောင်းနှင့် လေပြင်းများတိုက်ခတ်မှုကြောင့် သဲဗုဒ္မကျေးရွာအုပ်စု သဲဗုဒ္မကျေးရွာမှ လူနေအိမ် (၄)လုံး၊ တယ်ပင်တဲကျေးရွာအုပ်စု ဇီးဖြူကုန်းကျေးရွာမှ ဘုန်းတော်ကြီးကျောင်း (၁)ကျောင်းနှင့် လူနေအိမ် (၁)လုံး၊ ညောင်တိုကျေးရွာအုပ်စု ညောင်တိုအရှေ့ကျေးရွာမှ ဘုန်းတော်ကြီးကျောင်း (၁)ကျောင်းနှင့် လူနေအိမ် (၂)လုံး၊ ဈေးကုန်းကျေးရွာအုပ်စု မြိုင်သာယာကျေးရွာမှ လူနေအိမ် (၄)လုံးတို့ အမိုးလန်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာ၊ မြို့နယ်အတွင်း မိုးသက်လေပြင်းနှင့် မိုးကြိုးပစ်ခတ်ခြင်းကြောင့် လူ (၁)ဦးသေဆုံး၍ ဘုန်းတော်ကြီးကျောင်း (၂)ကျောင်း၊ လူနေအိမ် (၁၁)လုံး၊ အဖီဆောင် (၁)လုံးတို့ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ၊ စုစုပေါင်း ဆုံးရှုံးမှုတန်ဘိုး ငွေကျပ် (၁၀၈)သိန်းဖြစ်ကြောင်း သိရသည်။
အဆိုပါမိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် လူနေအိမ်များ ဘုန်းတော်ကြီးကျောင်းများအား ယာယီခိုလှုံနေထိုင်နိုင်စေရန်အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်နှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)