နေပြည်တော် ဧပြီ ၃၀
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓနေ့ဖြစ်သော ယနေ့တွင် ကျရောက်သည့် ကဆုန်ညောင်ရေသွန်းပွဲတော်တွင် နေပြည်တော်ကောင်စီမှ ကြီးမှူး၍ ကဆုန်လပြည့် ဗုဒ္ဓနေ့ ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၇)နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ) စေတီတော်များ၏ ပွင့်စေတီအနောက်အရပ်ရှိ မဟာဗောဓိညောင်ပင်တော်တွင်ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတိုးဝင်း၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ) ဂေါပကအဖွဲ့နှင့် ဝတ်ရွက်အသင်းတို့တက်ရောက်၍ ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ကြသည်။
ရှေးဦးစွာ မဟာဗောဓိညောင်ပင်တော်အား ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး အခမ်းအနားမှူးက ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ရန် ပန်ကြားသည့် မဟာဗောဓိရုက္ခသိဉ္ဇနပူဇာဂါထာကို ဖတ်ကြားပူဇော်သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတိုးဝင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဂေါပကအဖွဲ့ဝင်များက သတ်မှတ်ထားသည့် နေရာများအလိုက် မဟာဗောဓိညောင်ပင်တော်အား ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ခဲ့ကြကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)