နေပြည်တော် ဇန်နဝါရီ ၁၅
ကလေးသူငယ်များအနေဖြင့် ကလေးသူငယ်အခွင့်အရေးများကို အပြည့်အဝရရှိခံစားနိုင်ရန်အတွက် နေပြည်တော် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်းက အနာဂတ် နိုင်ငံတော်အတွက် ကလေးသူငယ်များ၏ စွမ်းအားများ မြင့်မားလာပြီး စွမ်းရည်များ ပြည့်ဝသည့် ကလေးသူငယ်များဖြစ်အောင် မိမိတို့က ဘက်ပေါင်းစုံက မြှင့်တင်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ကလေးငယ်များ၏ အသက်ရှင်သန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ် စောင့်ရှောက်မှုရရှိရေးနှင့် လူ့အဖွဲ့အစည်း များတွင် ပါဝင်ဆောင်ရွက်ခွင့်ရရှိရေးတို့အတွက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပါ ကလေးသူငယ် အခွင့်အရေးများကို ရရှိခံစားနိုင်ရန်အတွက် စီမံဆောင်ရွက် ပေးစေလိုကြောင်း၊ ကလေးသူငယ်များ၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်မည့် အကြံဉာဏ်များကို ဆွေးနွေးပေးစေလိုကြောင်းပြောကြားသည်။
ထို့နောက် နေပြည်တော်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က ကလေးသူငယ်နှင့် ပတ်သက်၍ ကော်မတီများဖွဲ့စည်း ဆောင်ရွက်ထားရှိမှု၊ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုများ၊ ကလေးသူငယ်များ ဖွံ့ဖြိုးမှုများရရှိနိုင်ရေး အတွက် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ ရတနာ့မေတ္တာအဖွဲ့မှ ဒေါ်စိုးသန္တာလှိုင်က ကလေးသူငယ်ကာကွယ် စောင့်ရှောက် ရေးဖြစ်ရပ် စီမံခန့်ခွဲမှု စီမံချက်ကို လည်းကောင်း၊ တက်ရောက်လာကြသည့် ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း အသီးသီး ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက ဆွေးနွေးချက်များအပါ် ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)