မော်လမြိုင် ဧပြီ ၂၉
မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့ မွန်ပြည်နယ် ပို့ဆောင်ရေးစီမံကိန်းရုံးသို့ သွားရောက်ပြီး ဦးစွာရှင်းလင်းဆောင်တွင် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက မိမိတို့ဌာနလုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား လည်းကောင်း မွန်ပြည်နယ် ယာဉ်လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌက ပြည်နယ်အတွင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ အခွန်ကောက်ခံရရှိမှုအခြေအနေများ၊ မြေယာအသုံးပြုမှု အခြေအနေများ၊ သက်ဆိုင်ရာ မော်တော်ယာဉ်လိုင်းများအလိုက် ကြီးကြပ်ဆောင်ရွက်သည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ယာဉ်ကြံ့ခိုင်မှု၊ယာဥ်မောင်းယာဥ်နောက်လိုက်တို့ကျွမ်းကျင်မှုနှင့်စည်းကမ်းလိုက်နာမှုရှိစေရန်၊ ယာဉ်စီးခနှုန်း သတ်မှတ်ခြင်း၊ တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်ရေး မပြုလုပ်ရန်၊ လူကုန်ကူးမှုမဖြစ်စေရေး၊ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေရေး၊ ပြည်သူအများနှင့် ထိတွေ့ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်၍ နွေးထွေးပျူငှာစွာပြုမူပြောဆိုပြီး ပြည်သူ့အကျိုး ရှေ့ရှုဆောင်ရွက်ကြရန် ပြောကြားသည်။
ယင်းနောက် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးသည် အဝေးပြေးယာဉ်ရပ်နားစခန်း (လှိုင်) သို့ သွားရောက်ပြီး မော်တော်ယာဉ်လိုင်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှုအခြေအနေများ၊ သန့်ရှင်သပ်ရပ်မှုရှိစေရေးနှင့် အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးတို့အတွက် အလေးထားဆောင်ရွက်မှုအခြေအနေများအပေါ် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးသည် ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ဦးစွာရှင်းလင်းဆောင်တွင် ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား Power Pointဖြင့် ရှင်းလင်းတင်ပြရာ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းမှာကြားသည်။
ထို့နောက် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ယာဉ်မောင်းလိုင်စင်ဌာန၊ ယာဉ်စစ်ဆေးရေးဌာန၊ ယာဉ်မှတ်ပုံတင်ဌာနနှင့် သင်တန်းခန်းမတို့ကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြာင်း သိရသည်။
စည်သူ(ပြန်/ဆက်)