ရန်ကုန် ဧပြီ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့ပူးပေါင်း၍ မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက အမှတ် ၈၇ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးသူမောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ထွီးခိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မြင့်ခိုင်၊ အမှတ် (၂၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ဒဂုံဆိပ်ကမ်း) မှ ဒုရဲမှူး အောင်အောင်တို့က အမှတ်(၈၇) ရပ်ကွက်အတွင်းရှိ ရပ်ကွက်နေပြည်သူများအား “လူမှုဘဝတိုးတက်ဖို့ တရားဥပဒေစိုးမိုးရေး အားလုံးအတူ ပါဝင်ဆောင်ရွက်စို့” ဆောင်ပုဒ်နှင့်အညီ မှုခင်းကြိုတင်ကာကွယ်ရေးအတွက် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှထုတ်ဝေသော မှုခင်းကြိုတင်ကာကွယ်ရေးနှင့် မှုခင်းကျဆင်းရေး အသိပညာပေးလက်ကမ်းစာစောင်များနှင့် အွန်လိုင်းလိမ်လည်မှုများ အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဖြိုးစန္ဒာ(ဆိပ်ကမ်း)