နေပြည်တော် ဧပြီ ၂၉
(၂ဝ၂၆) ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့်ဇနီးဒေါ်လွင်မီသင်၊ နေပြည်တော်ကောင်စီဝင်များနှင့်၎င်းတို့၏ဇနီးများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ နေပြည်တော် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ ကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် World Immunization Week 2026 အနေဖြင့် ဆောင်ရွက်သည့်အခမ်းအနားဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ် ဧပြီလ နောက်ဆုံးရက်သတ္တပတ်ကို ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်ပြီး အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့်လည်း ကာကွယ်ဆေးထိုးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံများနည်းတူ ကျင်းပခြင်းဖြစ်ပါကြောင်း၊ ယခုနှစ် ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနား ဆောင်ပုဒ်သည် For every generation, vaccines work"ဖြစ်ပြီး မြန်မာဘာသာဖြင့် “မျိုးဆက်တိုင်းကို ကာကွယ်ထား၊ ကာကွယ်ဆေး၏ စွမ်းပကား လို့ ဘာသာပြန်ဆိုထားပါကြောင်း၊ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းသည် နှစ်စဉ် အသက်ပေါင်းများစွာကို ကယ်တင်ပေးလျက်ရှိပြီး တစ်ကမ္ဘာလုံးတွင် ကမ္ဘာတစ်လွှားမှ ကလေးငယ်များ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိသော ရောဂါပေါင်း (၃ဝ) ကျော်ကို ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခြင်းဖြင့် ကာကွယ်ဟန့်တားနိုင်ခဲ့ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဆေးရုံများနှင့် ကျေးလက် ကျန်းရေးဌာနများတွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ကာကွယ်ဆေး (၁၃) မျိုးအား သတ်မှတ်ထားသောအချိန်၊ အသက်အရွယ်များအလိုက် ကျန်းရေးဝန်ထမ်းများမှ ထိုးနှံတိုက်ကျွေးလျက်ရှိကြောင်း၊ နေပြည်တော်အတွင်းရှိ ကာကွယ်ဆေးထိုး လုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက် နိုင်ရေးနှင့် သွားလာရေး ခက်ခဲသောဒေသများရှိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းလမ်းညွှန်သင်တန်းကိုလည်း သင်တန်းပို့ချပေးနိုင်ခဲ့ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ဆက်လက်အကောင်အထည်ဖော်မည့် လုပ်ငန်းစဥ်များနှင့်အတူ ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်းနှင့်“မျိုးဆက်တိုင်းကို ကာကွယ်ထား၊ ကာကွယ်ဆေး၏ စွမ်းပကား" ဆိုသည့် ဆောင်ပုဒ်အတိုင်း မျိုးဆက်တိုင်းအတွက် တန်ဖိုးကြီးသည့် ကာကွယ်ဆေးထိုးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ နှီးနွယ်ဌာနဆိုင်ရာများအားလုံးအနေဖြင့် အနာဂတ်၏မျိုးဆက်တိုင်းကို အကာအကွယ်ပေးနိုင်ရန် ဝိုင်းဝန်းကြိုးပမ်းပေး စေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် တက်ရောက်လာကြသူများက မျိုးဆက်တိုင်းကို ကာကွယ်ထား၊ ကာကွယ်ဆေး၏ စွမ်းပကား Documentary Story ကိုလည်းကောင်း၊ (၂ဝ၂၆)ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အထိမ်းအမှတ် မျိုးဆက်တိုင်းကို ကာကွယ်ထား၊ ကာကွယ်ဆေး၏ စွမ်းပကား တေးသီချင်းဗီဒီယိုပြသခြင်းများကို ကြည့်ရှုအားပေးပြီး ကာကွယ်ဆေးထိုးနှံခြင်းနံရံကပ်ပြဘုတ်များနှင့် ကာကွယ်ဆေးထိုးနှံပေးနေမှုများအား လှည့်လည်ကြည့်ရှုကာ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ကလေးငယ်များအတွက် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပပြုလုပ်သည့် လူရည်ချွန်မောင်မယ်များ ဩဝါဒခံယူပွဲအခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ ချမှတ်ထားသည့် နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့ ဟူသောဆောင်ပုဒ်နှင့်အညီ ပညာရေးကဏ္ဍကို အားပေးမြှင့်တင်လျက်ရှိရာ “တွေးခေါ်ကြံဆ ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိ၍ ဗလငါးတန်ပြည့်စုံသည့် နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းရေးကို ဦးတည်လေ့ကျင့်ပေးရန် ဆိုသည့် အမျိုးသားပညာရေးရည်မှန်းချက်ကို ချမှတ်ထားရှိပြီး ကျောင်းသားလူငယ်လေ့ကျင့် ပျိုးထောင်ရေးလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုလိုဆောင်ရွက်ရာတွင် အခြေခံပညာရေးနှင့် အဆင့်မြင့်ပညာရေးကဏ္ဍ နှစ်ရပ်စလုံးအတွက် ဗလငါးတန်တည်းဟူသော ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလတို့နှင့်ပြည့်စုံသော လူငယ်များ ပြုစုပျိုးထောင်ရေးကို အဓိကထား ဆောင်ရွက်လျက်ရှိပြီး လူရည်ချွန်စီမံကိန်းသည်လည်း တစ်ခုအပါအဝင်ဖြစ် ကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် တစ်နိုင်ငံလုံးမှာရှိ ကျောင်းသား၊ ကျောင်းသူ များစွာထဲကမှ ကာယ၊ ဉာဏ၊ စာရိတ္တ၊ ဗဟုသုတနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ထူးချွန်ထက်မြက်သူတွေအဖြစ် စိစစ်ရွေးချယ်ခံရသူတွေဖြစ်ပြီး ယခုလို လူရည်ချွန်ဘွဲ့ထူးကို ဆွတ်ခူးနိုင်ခဲ့ခြင်းသည် မိမိတို့ရဲ့ ကြိုးစားအားထုတ်မှုကြောင့်တင်မကဘဲ ဆရာ၊ မိဘတို့၏ သင်ကြားပြသမှုရလဒ်တွေလည်းဖြစ်ပါကြောင်း၊ ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများမှ လူရည်ချွန်အဖြစ် စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၁၄) ဦး ရွေးချယ်ခံရတဲ့အတွက် နေပြည်တော်ကောင်စီအနေနဲ့ အတူးပင် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ လူရည်ချွန်များ၊ ကြီးကြပ်ဆရာ/ ဆရာများနှင့်အတူ နိုင်ငံတော်အကြီးအကဲ၏ ဩဝါဒခံယူခြင်းနဲ့ လေ့လာရေးခရီးစဉ်များ သွားရောက်ကြရမှာဖြစ်ပါကြောင်း၊ လူရည်ချွန်မောင်/မယ်များအ နေဖြင့် မိမိတို့၏ကျောင်း၊ ပတ်ဝန်းကျင်နှင့် အခြားသော အတုယူရမည့် အမူအကျင့်ကောင်းတွေကို ဆက်လက်ထိန်းသိမ်းသွားကြရန်နှင့် နိုင်ငံတော်ကအားထားရသည့် လူငယ်မောင်မယ်များပီပီ မိမိတို့ရဲ့ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေကို မြတ်နိုးတန်ဖိုးထားကာ နိုင်ငံတော်အကျိုးကို သယ်ပိုးနိုင်တဲ့သူတွေဖြစ်အောင် ဆက်လက်ကြိုးစားသွားကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။
ထို့နောက် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများနှင့် ကြီးကြပ်ဆရာ၊ ဆရာမများမှ တစ်ဦးချင်း ဂါရဝပြုမိတ်ဆက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသား၊ ကျောင်းသူနှစ်ဦးက လက်ခံရယူကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းမှ တက်ရောက်လာကြသည့် လူရည်ချွန်မောင်/မယ်များအား တစ်ဦးချင်း ရင်းရင်းနှီးနှီးတွေ့ဆုံနူတ်ဆက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စိုက်ပျိုးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ ဒေသအတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားစေရေးအတွက် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ နိုင်ငံလူဦးရေ၏ ၃၁ ရာခိုင်နှုန်းခန့်သည် မြို့ပြတွင်နေထိုင်ကြပြီး ၇၀ ရာခိုင်နှုန်းနီးပါးခန့်သည် ကျေးလက်တွင် နေထိုင်လျက်ရှိရာ နိုင်ငံလူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်ရေထွက်ကုန်လုပ်ငန်းများကို လုပ်ဆောင်နေကြကြောင်း၊ စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သည့် သွင်းအားစုများရရှိရေးအတွက် နိုင်ငံတော်အနေဖြင့် တတ်နိုင်သည့်ဘက်မှ ဖြည့်ဆည်းပေးလျက်ရှိသည့်အပေါ် နေပြည်တော်ကောင်စီအနေဖြင့် စိုက်ပျိုးရေးတောင်သူများလက်ဝယ်သို့ မှန်မှန်ကန်ကန်ရောက်ရှိစေရေး၊ လေလွင့်ပျက်စီးဆုံးရှုံးမှုများမရှိစေရေး၊ တရားမဝင်ရောင်းချမှုများမရှိစေရေးနှင့် စိုက်နည်းစနစ်များမှန်ကန်၍ စနစ်တကျအသုံးပြုနိုင်စေရေး တို့အတွက် သက်ဆိုင်ရာဌာနများမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုတိုးတက်အောင် ဆောင်ရွက်ရာတွင် (MSME) လုပ်ငန်းများသည် များစွာအရေးပါပြီး ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်ရန်အတွက် ကုန်ကြမ်း၊ အရင်းအနှီး၊ သွင်းအားစုများနှင့် လူသားအရင်းအမြစ်များ လိုအပ်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကုန်ကြမ်းများကို ဝယ်ယူ၍ ဆောင်ရွက်ခြင်းထက် ဒေသတွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အသုံးပြု၍ ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းလျက်ရှိသည်ကို တွေ့ရှိရသည့်အတွက် နေပြည်တော်အတွင်းရှိ MSME လုပ်ငန်းများအတွက် လိုအပ်လျက် ရှိသည့် စိုက်ပျိုးရေးထွက်ကုန်ကုန်ကြမ်းပစ္စည်းများ လုံလောက်စွာရရှိစေရေးအတွက် လိုအပ်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးတွင် ဒေသတွင်း ဝါစိုက်ပျိုးဖြစ်ထွန်းပြီး ဝါကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းသည် စဉ်ဆက်မပြတ်သည့် ကွင်းဆက်ကုန်ထုတ်လုပ်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖြစ်ပေါ်စေနိုင်သည့် စက်မှုကုန်ထုတ်လုပ်ငန်းပင်ဖြစ်ကြောင်း၊ ၂၀၂၆-၂၀၂၇ ခုနှစ် စိုက်ပျိုးရာသီ၌ လယ်စိုက်ဧရိယာများ၏ လယ်ယာမြေစာရင်းပေါက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တောင်သူများအနေဖြင့် စိုက်ပျိုးနည်းစနစ်များအတိုင်း အပြည့်အဝလိုက်နာ ကျင့်သုံးနိုင်ရေးအတွက် တာဝန်ရှိသူများမှ အထူးအလေးထား စည်းရုံးဆောင်ရွက်သွားရန်၊ စိုက်ပျိုးရေးကဏ္ဍစဉ်ဆက်မပြတ် တိုးတက်ရန်အတွက် မိရိုးဖလာနည်းလမ်းများဖြင့် ဆောင်ရွက်ခြင်းသာမက စနစ်ကျသည့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖော်ဆောင်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် သွင်းအားစုများကို စနစ်တကျ အသုံးပြုနိုင်ရန်အတွက် မျိုးကောင်း၊ မျိုးသန့်ရရှိအောင်ဆောင်ရွက်ရန်၊ မြေကိုစနစ်တကျ ပြုပြင်ဆောင်ရွက်ရန်၊ အောင်ရေရရှိရန်နှင့် စိုက်နည်းစနစ်များ မှန်ကန်စေရေးဆောင်ရွက် ပေးရန်၊ လိုအပ်သည့်သွင်းအားစုများနှင့် ဓါတ်မြေဩဇာများကို တောင်သူများလက်ဝယ်သို့ ရောက်ရှိရေး ဆောင်ရွက်ပေးသွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုန်းချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)