မုဒုံမြို့နယ်၌ စက်ချုပ်နည်းပညာ သင်တန်း ဖွင့်လှစ်

မော်လမြိုင် ဧပြီ ၂၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ရက် (၁၀၀) အတွင်း ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်စေရန် ရည်ရွယ်သည့် “စက်ချုပ်နည်းပညာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းက ကော့ခပုံကျေးရွာ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် ပြည်နယ်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ စီမံကိန်းကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/ သင်တန်းသူများဖြင့် စုစုပေါင်း (၄၀) ဦးခန့် တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အစဥ်တစ်စိုက် ဒေသခံများနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းများကို တတ်တတ်ကြွကြွနှင့် သင်ယူစေလိုကြောင်း၊ အလားတူဒေသဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 ထို့နောက် ကော့ခပုံကျေးရွာတွင် ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်းကို သင်တန်းသူ (၁၀) ဦး အား တစ်လတိတိ စာတွေ့လက်တွေ့သင်ကြားပေးမည်ဖြစ်ပြီး၊ သက်ဆိုင်ရာနည်းပညာရပ်များကို ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်သူ (၁) ဦးနှင့် အမှန်တကယ် လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသူ (၅) ဦးအား သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးပြီး ရက် (၁၀၀) အတွင်း ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်စေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)