သာကေတ ဧပြီ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ မိတ်ဆက်တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်က အဖွင့်အမှာစကားပြောကြားပြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုးမှ လွှတ်တော်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (PR) ဦးတင့်ဇော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြကြိုင်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) ဦးလှဝင်းမောင်တို့က မိတ်ဆက်စကား ပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဌာနလုပ်ငန်းတာဝန်များနှင့်ဆောင်ရွက်နေမှုအခြေအနေများ တစ်ဦးချင်းအလိုက် အသီးသီး မိတ်ဆက်ရှင်းလင်းတင်ပြသည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအသီးသီး၏ လုပ်ငန်းဆောင်ရွက် နေမှုများပေါ် အခက်အခဲများရှိပါက တင်ပြဆောင်ရွက်ပေးကြရန်ကိုလည်းကောင်း၊ ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများ၏ အခြေခံလိုအပ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လိုအပ်မှုများနှင့် အခက်အခဲများကို အချိန်မရွေး တင်ပြဆောင်ရွက်နိုင်ကြောင်း ဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူက လိုအပ်သည်များကို ထပ်မံဖြည့်စွက်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)