ပုဇွန်တောင်မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ဆောင်ရွက်

ပုဇွန်တောင် ဧပြီ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်‌ပေးခြင်းနှင့် Biometric ကောက်ယူကာ UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၁၁ နာရီက အမှတ် (၃) ရပ်ကွက် သဟပုညကာရီဓမ္မာရုံတွင် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ထွန်းမြင့် ဦးဆောင်သည့် ဝန်ထမ်းများက အမှတ် (၃) ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် Biometric ကောက်ယူ၍ UID ကတ် ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါကွင်းဆင်းရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စန်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁) ဦးစည်သူကြည်မြင့်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၂) ဦးစိုးမြင့်တို့က ကြည့်ရှုအားပေးခဲ့ပြီး နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric ကောက်ယူ၍ UID ကတ် ထုတ်‌ပေးခြင်းများကို  သက်ဆိုင်ရာရပ်ကွက်များအလိုက် မြေပြင်ကွင်းဆင်း၍ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဟန်စုယဉ်