မိုးညှင်းမြို့နယ် သာယာကုန်းခေတ်မီစံပြကျေးရွာ၌ ရက်(၁၀၀)စီမံချက်ဖြင့် မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုလျော့နည်းစေရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုးညှင်း ဧပြီ ၂၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုလျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက သာယာကုန်းခေတ်မီစံပြကျေးရွာရှိ အောင်စည်သာယာခန်းမ၌ ကျင်းပသည်။

ဦးစွာ ဟောပြောပွဲတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဌေးမြင့်က လေထုညစ်ညမ်းရသည့် အကြောင်းရင်းများ၊ လေထုညစ်ညမ်းခြင်းမှ ကာကွယ်ရမည့်နည်းလမ်းများနှင့် ကျေးရွာစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု အသိပညာပေးခြင်းဆိုင်ရာများ၊ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်များဖြင့် သဘာဝမြေဩဇာပြုလုပ်ခြင်းဆိုင်ရာများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းလမ်းများနှင့် သစ်ပင်စိုက်ပျိုးခြင်းဆိုင်ရာများ စသည်တို့ကို အသိပညာပေးဟောပြောသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့် ကျေးရွာသူ ကျေးရွာသားများအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ(အင်/ယာ) ဒေါ်ဝင်းသီရိကျော်က “အိမ်တွင်း လေထုညစ်ညမ်းမှုလျော့နည်းစေရန် အသိပညာပေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးစီးအရာရှိ(အင်/ယာ) ဒေါ်ယဉ်ယဉ်ဆွေက “ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုအသိပညာပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း ပါဝါပွိုင့်ဖြင့် အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း