မန္တလေး ဇန်နဝါရီ ၁၅
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ အကွက်(၁၀)၊ ၁၆လမ်းနှင့်၁၇လမ်းကြား၊ ၆၂ လမ်းရှိ အရောင်းအဝယ်လုပ်ကိုင်သူ ဦးပီကူးမား(ဘ) ဦးကေ့စ်ဗဟာဒူး နေအိမ်၌ အားဖြည့်အချိုရည် များ အတုပြုလုပ်နေကြောင်း သတင်းအရ မန္တလေးတိုင်းဒေသကြီး မှုခင်းအကူဌာနစုမှ တာဝန်ရှိသူများ၊ မန္တလေးခရိုင် မှုခင်းနှိမ်နှင်းရေးဌာနစိတ်မှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ အမှတ်(၁)နယ်မြေရဲစခန်းမှစခန်းမှူး၊ နယ်ထိန်းအရာရှိနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(မန္တလေး)မှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများကပူးပေါင်း၍ ယမန်နေ့ည ၉ နာရီ ၁၅ မိနစ်က ဦးပီကူးမား၏ နေအိမ်သို့ဝင်ရောက်ရှာဖွေ စစ်ဆေးရာမှ ဖမ်းဆီးရမိကြောင်း သိရသည်။ ဦးပီကူးမား၏ နေအိမ်တိုက်ခန်းအပေါ်ထပ် ၄ လွှာတွင် အားဖြည့်အချိုရည် ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဘွိုင်လာအိုး(၃)လုံး၊ ဖျော်စပ်ရာတွင် အသုံးပြုသည့်လှောင်ကန်အကြီး တစ်ခုနှင့် အချိုရည်အတုပြုလုပ်ရာတွင် အသုံးပြုသောဆက်စပ်ပစ္စည်းများအား ရှာဖွေစစ်ဆေးတွေရှိခဲ့ရကြောင်း၊ အရေးယူ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာနယ်မြေရဲစခန်းမှ စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
ဇော်လင်းဦး(အောင်စံ)