သင်္ဃန်းကျွန်း ဧပြီ ၂၉
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၌ အစိုးရသစ်ကာလ ရက် (၁၀၀) စီမံချက်တွင် ပါဝင်သည့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များ အသိပညာပေးဟောပြောပွဲအား သင်္ဃန်းကျွန်းမြို့နယ် အ.ထ.က (သုဝဏ္ဏ)၌ ယမန်နေ့နေ့လယ် ၂ နာရီအချိန်က ကျင်းပသည်။
ရှေးဦးစွာ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန်းသန်းအေးက အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဝင်းက ဆက်လက်ပြောကြားသည်။
ထို့နောက် သင်္ဃန်းကျွန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဠ ဦးလှမျိုးက သင်္ဃန်းကျွန်းမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များနှင့် ပြည်သူများပူးပေါင်းပါဝင်ပြီး စံပြမြို့နယ်တစ်ခုဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။ ယင်းနောက် သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး စောမြိုင်အုံး၊ သင်္ဃန်းကျွန်းခရိုင် ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး တင်နိုင်မိုးနှင့် အမှတ် (၃၈) ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ရဲမြင့်တို့က တရားဥပဒေစိုးမိုးရေးနှင့် သက်ဆိုင်သည်များအား ဆွေးနွေးဟောပြောခဲ့သည်။
အခမ်းအနားသို့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန်းသန်းအေး၊ ရန်ကုန်တိုင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုး၊ ရဲမှူးစောမြိုင်အုံးနှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးနှင့်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း ၂၅၀ ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။
ဇော်မိုး (သင်္ဃန်းကျွန်း)