တာချီလိတ် ဧပြီ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ခုတ်ဝကျေးရွာရှိ ရတနသုဝဏ္ဏပရိယတ္တိစာသင်တိုက် နောင်ခမ်းဓမ္မာရုံကျောင်းတော်ကြီး ရေစက်ချလှူဒါန်းပွဲ အခမ်းအနားကို ဧပြီ ၂၇ ရက်နေ့က အဆိုပါ ကျောင်းတိုက်တွင် ကျင်းပသည်။
ရှေးဦးစွာ အလယ်ကျောင်း နမ့်လန်ဆရာတော် ဘဒ္ဒန္တဉာဏောဘာသထံမှ နောင်ခမ်းဓမ္မာရုံကျောင်းတော်ကြီးအလှူရှင် CB Bank ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် ဇနီး ဒေါ်ဝင့်ရည်အေး မိသားစု၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမျိုး၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များနှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ပြီး သံဃာတော်အရှင်သူမြတ်များက ဗုဒ္ဓါဘိသေက အနေကဇာတင်တော်မူကြခြင်း၊ မင်္ဂလာသုတ်၊ ရတနာသုတ်၊ မေတ္တသုတ်ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ပူဇော်သည်။
ထို့နောက် မိုင်းဖုန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တဉာဏသံဝရ အမှူးပြုသော ဆရာတော်သံဃာ တော်များအား CB Bank ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် အလှူရှင်များက နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပြီး နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဘဒ္ဒန္တသုဓမ္မ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) (သာသနတက္ကသီလဓမ္မာစရိယ B.A Buddhism, M.A သီရိလင်္ကာ) ထံမှ ရေစက်ချအနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
အဆိုပါ နောင်ခမ်းဓမ္မာရုံကျောင်းတော်ကြီးကို မိုင်းဖုန်းဆရာတော်ဘုရားကြီး၏ လမ်းညွှန်မှုဖြင့် သွပ်မိုး၊ အုတ်ကာ ကွန်ကရစ်အမျိုးအစား အလျား ၁၅၆ ပေ၊ အနံ ၉၉ ဒသမ ၆ ပေ၊ အမြင့် ၅၅ ဒသမ ၄ ပေဖြင့် ၂၀၁၄ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး CB Bank ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် ဇနီး ဒေါ်ဝင့်ရည်အေး မိသားစုက ငွေကျပ် သိန်း ၅၈၀၅၀ ဖြင့် ဆောက်လုပ် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)