မြစ်သား ဧပြီ ၂၉
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဒေါက်တာလှကြွယ်သည် ဧပြီလ၂၆ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က မြစ်သားမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးခင်မောင်ဝင်း၊ မြစ်သားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဦး(မြစ်သား)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်လဲ့လဲ့၀င်း(တံတားဦးမြို့နယ်)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီသီကျော်(ကျောက်ဆည်)တို့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာတွေ့ဆုံဆွေးနွေးရာ၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဒေါက်တာ လှကြွယ်က မိတ်ဆက်အမှာစကားပြောကြားရာတွင် ဌာနဆိုင်ရာအကြီးအကဲများအား ဌာနအလိုက်လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် ရက် ၁၀၀ အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်များ ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများအား အထူးအလေးထားဆောင်ရွက်ရန်နှင့် ကျေးလက်/မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်း၀န်းပါဝင်ဆောင်ရွက်စေလိုကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် ပြည်သူ့အကျိုးပြုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းစီမံကိန်းများလျာ ထားတင်ပြဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများက လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝိုင်းဝန်းပူးပေါင်းညှိနှိုင်းတင်ပြဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ မြစ်သားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမြင့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဦး (မြစ်သား)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်လဲ့လဲ့၀င်း(တံတားဦးမြို့နယ်)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီသီကျော် (ကျောက်ဆည်)တို့မှ မိတ်ဆက်စကားများပြောကြားခဲ့သည်။
ထို့နောက် မြစ်သားမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က ရက်ပေါင်း ၁၀၀ အတွင်းဆောင်ရွက်မည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသော မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများမှ တစ်ဦးချင်းမိတ်ဆက်ခြင်းနှင့် ဌာနအလိုက် ရက်ပေါင်း ၁၀၀ အတွင်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များအား တင်ပြခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဒေါက်တာလှကြွယ်က ဌာနဆိုင်ရာများအနေဖြင့် သတ်မှတ်ထားသော ရက် ၁၀၀ လုပ်ငန်းစီမံချက်အား အောင်မြင်အောင်ဆောင်ရွက်သွားကြရန်၊ တောင်သူများ ရေရရှိရေး အထူးဂရုပြုဆောင်ရွက်ရန်နှင့် လိုအပ်သည်များရှိပါက အထက်ဌာနများသို့ တင်ပြသွားကြရန်တို့အား ပြန်လည်မှာကြားခဲ့သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဒေါက်တာလှကြွယ်က နိဂုံးချုပ်စကားပြောကြားကာ မြစ်သားမြို့နယ်ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများကို ရင်းနှီးစွာ လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)