တောင်သာမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာ အုပ်စုများသို့ နိုင်ငံသားစိစစ်‌ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်

တောင်သာ ဧပြီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာများ အရောက် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်က မင်းစုအခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တောင်သာမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဝင်း၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက အစိုးရ သစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများ၊ အသက်(၁၈)နှစ်နှင့်အထက် မြို့ပေါ်နေပြည်သူများ၊ နိုင်ငံသားစိစစ်ရေးကတ် မရှိသူများ အား ရပ်ကွက်များသို့ ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား ၁၉ဦး၊ ကျောင်းသူ ၃၀၊ စုစုပေါင်း ၄၉ ဦးနှင့်အသက်(၁၈)နှစ်ပြည့်ပြီးသူသုံးဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDကတ်(၅၂)ကတ် တို့အား လက်ဝယ်အရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သူရ၊ အဖွဲ့ဝင် ဗိုလ်မှူး ဇေယျကျော်စွာနှင့် မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဝင်း၏ ကြီးကြပ်မှုဖြင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)