စစ်တွေ ဧပြီ ၂၈
ရခိုင်ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များကို ရှင်းလင်းပြောကြားမှုပြုခဲ့ရာ ရက်(၁၀၀)စီမံချက်ကာလအတွင်း ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်မှုပြုလျက်ရှိ သည့် အခြေအနေကိုလည်းကောင်း၊ ရခိုင်ပြည်နယ်အနေဖြင့် လုံခြုံရေးအသိရှိသင့်သည့်အခြေ အနေများကို လည်းကောင်း ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး ဒေသတစ်ခုသည် တည်ငြိမ်အေးချမ်းမှ ဖွံ့ဖြိုးတိုးတက် မည်ဖြစ်ကြောင်း၊ အလားတူ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ထိုဒေသသည် တည်ငြိမ်အေးချမ်းလာမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ကဏ္ဍအသီးသီးကို မြင့်မားလာစေရန်နှင့် ပြည်နယ်ဖွံ့ဖြိုးတိုး တက်ရေးအတွက် နည်းလမ်းမျိုးစုံနှင့် ကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း၊ အလားတူ ပြည်သူများ၏ စားရေရိက္ခာဖူလုံရေးအတွက်လည်း အထူးအလေး ပေးဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံ၍ဒေသထွက်ကုန်များကိုတိုးမြှင့် ထုတ်လုပ်သွားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးမှထွက်ရှိလာသည့် ကုန်ကြမ်းများကို အခြေခံကာ MSME လုပ်ငန်းများအဖြစ် တန်းဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်အောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများကလည်း စည်းစည်းလုံးလုံး တက်ညီလက်ညီဖြင့် အလုပ် လုပ်ကိုင်ကြရမည်ဖြစ်ကြောင်း၊ စီးပွားရေးကောင်းမှ ထုတ်ကုန်တိုးမြှင့်ထုတ်လုပ်မှ နိုင်ငံဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှု တိုးတက်ရေးအတွက် စက်မှုအခန်းကဏ္ဍကို တိုးမြှင့်ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ ဆိုလာစနစ်ဖြင့် စက်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးမှ ရရှိလာသော ထုတ်ကုန်များကို စက်မှုကဏ္ဍဖြင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရေလုပ်ငန်းနှင့်ပတ်သက်၍ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခင်က ရခိုင်ဒေသထွက် ရေထွက်ကုန်ချောများ များစွာထွက် ရှိခဲ့ကြောင်း၊ ထိုကဲ့သို့ ထွက်ရှိ လာနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် ယာယီနေရပ်စွန့်ခွာပြည်သူ များနှင့် အခြေခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း၊ ထို့ပြင် ပညာရေးကဏ္ဍ ကို တိုးမြှင့်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပညာတတ်မှ နည်းစနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းနေအရွယ်ကလေးများ ကျောင်းတက်ရောက် နိုင်ရေး၊ မိမိတို့သားသမီးများ၊ မိမိပတ်ဝန်းကျင်ရှိ ကလေးငယ်များ၊ ယာယီ နေရပ်စွန့်ခွာ စုရပ်များတွင် နေထိုင်ကြသော ကလေးငယ်များ စာသင်ခန်းသို့ရောက်ရှိကာ ပညာသင်ကြား နိုင်ရေးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်က KG+ 9 အခမဲ့ပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးငယ်များ၏ ပညာရေမြင့်မားရေးအတွက် မိမိတို့ရခိုင်ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်သမ္မတကြီး ကလည်း သန့်ရှင်းသောအစိုးရ ကောင်းမွန်သောအုပ်ချုပ်မှုဖြစ်အောင် ဆောင်ရွက်လျက်ရှိကြောင်း ခေတ်သစ်၊ စနစ်သစ်၊ မူဝါဒသစ် အပြောင်း အလဲများဖြစ်လာချိန် စေတနာပါပါဖြင့် လုပ်ဆောင်ပေးကြရန်ဖြစ်ကြောင်း၊ အဂတိကင်းကင်းဖြင့် လုပ်ဆောင် ပေးကြရန်လိုကြောင်း၊ မိမိကိုယ်တိုင်ကင်းရှင်းပြီး ပတ်ဝန်းကျင်ကိုလည်း ကင်းရှင်းအောင် လုပ်ဆောင်ပေးကြ စေလိုကြောင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများက လိုအပ်သည်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး