စဉ့်ကိုင်မြို့နယ်၌ ပျားမွေးမြူရေး ပြည်သူအသိပညာပေးသင်တန်းဖွင့်လှစ်

စဉ့်ကိုင် ဧပြီ ၂၈

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲ (စဉ့်ကိုင်မြို့နယ်တာဝန်ခံရုံး)မှ ရက်(၁၀၀)စီမံချက်ဖြင့် ပျားမွေးမြူရေး ပြည်သူအသိပညာပေးသင်တန်းကို ဧပြီ ၂၈ ရက်‌ နံနက် ၁၁ နာရီက စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာသန်အေးက အမှာစကားပြောကြားခဲ့ပြီး  ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ (စဉ့်ကိုင်မြို့နယ်ရုံး)မှ မြို့နယ်ဦးစီးမှူး ဦးသိန်းကိုက ဆီထွက်သီးနှံ နေကြာနှင့်နှမ်းစိုက်ခင်းများတွင် ပျားများဖြင့် ဝတ်မှုန်ကူးခြင်းကြောင့် သီးနှံများ ပိုမိုထွက်ရှိပြီး တောင်သူများ အကျိုးစီးပွားများစွာ ဖြစ်ထွန်းလာစေရန်၊ ခေတ်မီပျားပညာရပ်များကို တောင်သူများထံ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်‌၊ ဒေသအခြေအနေနှင့် ကိုက်ညီသည့် ပျားမျိုးများကို မွေးမြူပြီး ပျားရည်များ ပိုမိုထုတ်လုပ်နိုင်ရန်၊ ပျားရည်နှင့် ပျားထွက်ပစ္စည်းများကို အသုံးပြုပြီး ‌နိုင်ငံတော်ပိုင်စီးပွားရေး လုပ်ငန်းများတွင် အထောက်အကူပြုရန် စသည့်ရည်ရွယ်ချက်များဖြင့် ယခုလို သင်တန်းများဖွင့်လှစ် ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပျားမွေးမြူမှု ထုတ်လုပ်ရေးဌာနခွဲ (စဉ့်ကိုင်မြို့နယ်တာဝန်ခံရုံး)မှ မြို့နယ်ဦးစီးမှူး ဦးသိန်းကိုက ဆီထွက်သီနှံနေကြာနှင့် နှမ်းစိုက်ခင်းများဖြင့် ဝတ်မှုန်ကူးခြင်း ဆောင်ရွက်မှု အခြေအနေ၊ ဗီယက်နမ်ပျားဘုရင်မဖြင့် ပုဂ္ဂလိက  ပျားမွေးမြူသူများသို့ ပျားမျိုးမြှင့်တင်ရေး ဆောင်ရွက်ရန် ဖြန့်ဖြူးပေးမှု အခြေအနေများ ပျားရည်ထုတ်လုပ်မှု လုပ်ငန်းသုံး ပစ္စည်းများဖြင့် ပျားရည်ထုတ်လုပ်ပုံ အဆင့်ဆင့်တို့အား လက်တွေ့ရှင်းလင်းပြသခဲ့ရာ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလှမျိုးနှင့် တက်ရောက်လာကြသည့် သင်တန်းသား/သူများနှင့် ဒေသခံတောင်သူများက သိလိုသည်များ မေးမြန်းခဲ့ရာ မြို့နယ်ဦးစီးမှူး ဦးသိန်းကိုက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရပြီး သင်တန်းကို ဧပြီ ၂၈ ရက်မှ မေ ၂ ရက်ထိ ၅ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)