ပျော်ဘွယ် ဧပြီ ၂၈
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ်အတွင်း ဧပြီ ၂၈ ရက် ညနေ ၃ နာရီခွဲခန့်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာအချို့တို့တွင် နေအိမ်များအပေါ် သစ်ပင်များလဲကျခြင်း၊ အမိုးများ လန်ခြင်း၊ စာသင်ဆောင် တစ်ဆောင်အမိုးလန် ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။
မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မြို့ပေါ် ၃ ရပ်ကွက်မှ နေအိမ်သုံးလုံးမှာ သစ်ပင်လဲကျမှုကြောင့် ပျက်စီးခဲ့ကြောင်း၊ ကျန်နေအိမ်နှစ်လုံးမှာ အမိုးလန်ပျက်စီးခဲ့ကြောင်း၊ ဆက်လက်၍ ကျေးရွာအုပ်စု ခြောက်အုပ်စုမှ နေအိမ် ၁၁ လုံးမှာ အမိုးလန်ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
အလားတူ မြင်းဘက်ရပ်ကွက်၊ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းမှ အလျား ၁၃၀ ပေ၊ အနံ ၃၀ ပေရှိ စာသင်ဆောင်မှာ အမိုးလန်ပျက်စီခဲ့ကြောင်း၊ ရွှေညောင်ဖူးကျေးရွာ 11 KV ဓာတ်အားလိုင်းမှ ဓာတ်တိုင်နှစ်တိုင်လဲကျပျက်စီးခဲ့သည်။ မြို့ပေါ်ရပ်ကွက်များ၌ နေအိမ်များအပေါ် သစ်ပင်လဲကျ နေမှုများ၊ ပြည်သာယာရပ်ကွက်တွင် ကားလမ်းမပေါ်သို့ သစ်ပင်လဲကျနေမှုများအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးနှင့်တပ်ဖွဲ့ဝင်များက ခုတ်ထွင်ဖယ်ရှားရှင်းလင်းပေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)