ပုသိမ်ကြီး ဧပြီ ၂၈
စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်း ကျင်းပသည့် နွေစပါးစိုက်တောင်သူများထံသို့ ယူရီးယားဓာတ်မြေဩဇာများ အထူးသက်သာသော ဈေးနှုန်းဖြင့် ရောင်းချပွဲကိုမန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ် နန္ဒာတောင်ကျေးရွာ၊ နည်းပညာပြန့်ပွားရေး စင်တာအမှတ်(၂) မြနန္ဒာရှေ့တန်းစခန်း ကွင်းအမှတ် ၄၅၀ တွင် ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
အခမ်းအနားတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးလှမျိုးက အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းထိန်က ယူရီယားဓာတ်မြေဩဇာ ရောင်းချပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသော တောင်သူများက သိရှိလိုသည်များအား မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဖြေကြားသည်။
အခမ်းအနားပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တောင်သူများ ဓာတ်မြေဩဇာ ဝယ်ယူနေမှုများကို လိုက်လံကြည်ရှုအားပေး၍ လိုအပ်သည်များအားပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။ ဓာတ်မြေဩဇာများကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းဖြင့် တစ်ဧကသီးနှံအထွက်နှုန်း တိုးတက်လာစေရန်၊ ပန်းတိုင်အထွက်နှုန်း ရရှိစေရန်၊ နွေသီးနှံစိုက်ပျိုးသည့် တောင်သူများကို သွင်းအားစုဓာတ်မြေဩဇာများ အရည်အသွေး မှန်ကန်စွာအသုံးပြုနိုင်စေရန်၊ ဈေးနှုန်း သက်သာစွာဖြင့် အလွယ်တကူဝယ်ယူရရှိနိုင်ရေး တို့ကို ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မေဝတီ (ပုသိမ်ကြီး ပြန်/ဆက်)