ပျော်ဘွယ် ဧပြီ ၂၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် သက်ဆိုင်ရာတာဝန် ရှိသူများလိုက်ပါလျက် ပျော်ဘွယ်မြို့နယ်၊ ဂွေးဇီးကျေးရွာအုပ်စုအတွင်း စိုက်ပျိုးထားသော ဝါသီးနှံစိုက်ခင်းများသို့ ရောက်ရှိကာ သမဝါယမအသင်းသား ဝါစိုက်ပျိုးနေသောတောင်သူများနှင့်တွေ့ဆုံ၍ သွင်းအားစုများပေးအပ်ခြင်းကို ဧပြီလ ၂၈ ရက်၊ ညနေ ၄ နာရီက အဆိုပါကျေးရွာအနီး ဝါစိုက်ခင်းတွင်ဆောင်ရွက်သည်။
ပြည်ထောင်စုဝန်ကြီးသည် သမဝါယမအသင်းသား ဝါစိုက်ပျိုးသည့်တောင်သူများနှင့်တွေ့ဆုံရာတွင် နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုအခြေအနေများကို လည်းကောင်း၊ ဝါစိုက်ပျိုးသည့် တောင်သူများအနေဖြင့်လည်း တစ်ဧကအထွက်နှုန်းကောင်းမွန်ရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်ပြည့်မီရေးတို့အတွက် စိုက်ပျိုးနည်းစနစ်များကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းကာ ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်အတွင်းရှိ သမဝါယမအသင်းသား ဝါစိုက်တောင်သူများအတွက် ကွန်ပေါင်းမြေဩဇာ ၆၆၀ အိတ်၊ သဘာဝမြေဩဇာ ၂၆၀ အိတ်တို့ကိုပေးအပ်ခဲ့ပြီး စိုက်ခင်းအတွင်းလှည့်လည်ကြည့်ရှု အားပေးရာ မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးနှင့် တာဝန်ရှိသူများက ဝါသီးနှံစိုက်ပျိုးထားမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ဝါသီးနှံအတွက် သွင်းအားစုများပေးအပ်ပွဲသို့ ရမည်းသင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာစိုး နှင့် ဆက်စပ်ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ ဝါစိုက်ပျိုးနေသည့် တောင်သူများတက်ရောက်ခဲ့ကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)