စစ်တွေမြို့၌ လယ်ယာသုံးစက်ကိရိယာ ကိုင်တွယ်၊ ထိန်းသိမ်းမှု(အခြေခံ) သင်တန်းဖွင့်လှစ်

စစ်တွေ  ဧပြီ ၂၇

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော လယ်ယာသုံးစက်ကိရိယာ ကိုင်တွယ်၊ ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်ကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးသက်ထွန်း၊ ပြည်နယ်၊ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တောင်သူများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးသက်ထွန်းက ယခုဖွင့်လှစ်သည့် သင်တန်းသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့်ဝယ်ယူသည့် လယ်ယာသုံး စက်ကိရိယာများအား ဖြန့်ဝေပေးမည့် တောင်သူများအတွက် လယ်ယာသုံးစက်ကိရိယာများ ကိုင်တွယ်ထိန်းသိမ်းမှု အခြေခံသင်တန်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်သည် စိုက်ပျိုးရေးကို အခြေခံသည့် ပြည်နယ်ဖြစ်သည့်အတွက် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန် စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရေးကို အဓိကအလေးအနက်ထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လယ်ယာလုပ်ငန်းခွင်တွင် လယ်ယာသုံး စက်ကိရိယာများကို ကျွမ်းကျင်စွာ ကိုင်ကွယ်အသုံးပြုနိုင်မှ ဘေးအန္တရာယ်ကင်းရှင်းပြီး စက်စွမ်းအားပြည့် ဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့် စနစ်တကျသင်ကြား မှတ်သားရန်လိုအပ်မည်ဖြစ်ကြောင်း၊ သင်တန်းတွင် စက်မှုလယ်ယာဦးစီးဌာနမှ အတွေ့အကြုံများပြီး ကျွမ်းကျင်မှုရှိသော သင်တန်းဆရာများမှ စာတွေ့၊လက်တွေ့ သင်ကြားပို့ချမည်ဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့် ကြိုးကြိုးစားစား လေ့လာသင်ယူမှတ်သားပါက မိမိကျေးရွာရှိ လယ်ယာသုံး စက်ကိရိယာများကို စနစ်တကျ နည်းလမ်းမှန်ကန်စွာ ကျွမ်းကျွမ်းကျင်ကျင် မောင်းနှင်နိုင်မည်ဖြစ်ကာ မိမိတို့ကျေးရွာရှိ လယ်ယာမြေများကို ရာသီအချိန်မီ ထွန်ယက်စိုက်ပျိုး နိုင်မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရန်အတွက်  ဒေသနှင့်ကိုက်ညီသည့် လယ်ယာသုံး စက်ကိရိယာ များကို ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပြီး ဒေသတွင် စံနမူနာပြစိုက်ကွင်းများ တို့ချဲ့ဆောင်ရွက် ရန်နှင့် စံနမူနာပြစိုက်ကွင်းများတွင် တောင်သူများအား သရုပ်ပြပွဲများကို သက်ဆိုင်သည့် ဦးစီးဌာနများမှ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သို့မှသာ ပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍနည်းမှန်၊ လမ်းမှန်၊ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊ ဦးသက်ထွန်းက သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများပေးအပ်ပြီး သင်တန်းသားများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးသည် သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာကြသူများနှင့် သင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ခန်းမအတွင်းခင်းကျင်းပြသထားသည့် လယ်ယာသုံး စက်ကိရိယာများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ သင်တန်းသို့ စစ်တွေမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ( ၁၃ ) အုပ်စု မှ သင်တန်းသား ( ၃၀) တက်ရောက်ကြပြီး စက်မှုလယ်ယာဦးစီးဌာနမှ အတွေ့အကြုံများပြီး ကျွမ်းကျင်မှုရှိသော သင်တန်းဆရာ များက ဧပြီ ၂၇ ရက်မှ မေ ၁ ရက်ထိ  သင်ကြားပို့ချ ဆွေးနွေးပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

တင်ထွန်း (ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး