ရမည်းသင်း ဧပြီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများထဲမှ အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ဆောင်ရွက်မည့် လုပ်ငန်း စီမံကိန်း ရက်(၁၀၀) စီမံချက်ဖြင့် ဖွင့်လှစ်သည့် အခြေခံ/မွမ်းမံ စက်ချုပ် နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၂၇ ရက် နံနက် (၁၀) နာရီက စံပြသိမ်ကုန်းကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် ရမည်းသင်းခရိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရမည်းသင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်က အမှာစကားပြောကြားသည်။ ဆက်လက်၍ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှုးဦးထိုက်တန်က မိမိတို့ဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်နှင့်အမျိုးသမီးများအနေဖြင့် အိုးမကွာ အိမ်မကွာနှင့် တဖက်တလမ်းမှ ဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ သင်တန်းများကိုဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုသင်တန်းမှာ အမျိုးသမီးများအတွက် ဝင်ငွေတိုး တက် ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းအား ရက်(၁၀၀)စီမံချက်ဖြင့် အခြေခံ/မွမ်းမံ စက်ချုပ်နည်းပညာသင်တန်း(အခမဲ့)ကို ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းသူ (၁၅)ဦးဖြင့် အခြေခံစက်ချုပ်သင် တန်းကို (၂၇.၄.၂၆)မှ (၂၆.၅.၂၆)ရက်နေ့ထိလည်းကောင်း၊ မွမ်းမံစက်ချုပ်သင်တန်းကို (၁.၆.၂ဝ၂၆)မှ (၁၅.၆.၂ဝ၂၆)ရက်နေ့အထိလည်းကောင်း (၄၅) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ၎င်းသင်တန်းတွင် အမှန်တကယ်လုပ်ငန်းလုပ်ကိုင်လိုသည့် ထူးချွန်သင်တန်းသူ (၅) ဦးကို လုပ်ငန်းထူထောင်နိုင်ရန်အတွက်လုပ်ငန်းသုံးပစ္စည်း(၇)မျိုး သုံးစွဲခွင့်ပြု သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်