ချမ်းအေးသာစံ ဧပြီ ၂၈
မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှကြီးမှူးကာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ မူလတန်းပြဆရာ၊ ဆရာမများအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း တိုင်းဒေသကြီးအဆင့် ဖွင့်ပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ရှိ ပညာမြင့်မိုရ်ခန်းမဆောင်၌ ဧပြီ ၂၇ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ကိုယ်စား ညွှန်ကြားရေးမှူး (ပညာ) ဒေါက်တာရွှေစင်အိက အမှာစကားပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး (စီမံကိန်းများကြီးကြပ် အကဲဖြတ်ဌာန) ဦးစိုးမြင့်ချိုက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်းကို သင်တန်းနည်းပြ ၁၃ ဦးမှ တိုင်းဒေသကြီးအတွင်းရှိ မူလတန်းပြဆရာ၊ ဆရာမ သင်တန်းသားစုစုပေါင်း ၂၉၄ ဦးအား ဧပြီ ၂၇ ရက်မှ မေ ၉ ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး(ပညာ) ဒေါက်တာရွှေစင်အိ၊ ဒုတိယညွှန်ကြားရေးမှူး(စီမံကိန်းများကြီးကြပ်အကဲဖြတ်ဌာန) ဦးစိုးမြင့်ချိုနှင့် တိုင်းဒေသကြီးပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ တိုင်းဒေသကြီးလူမှူဝန်ထမ်းရုံးမှ တာဝန်ရှိသူများ၊ သင်တန်းသားဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)