ငါန်းဇွန်မြို့၌ မကူးစက်တတ်သောရောဂါများ ကာကွယ်ကုသရေးအစီအစဉ် ရက်(၁၀၀)စီမံချက် ဆောင်ရွက်

ငါန်းဇွန် ဧပြီ ၂၇

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယနေ့နံနက် ၇ နာရီမှစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မကူးစက်တတ်သောရောဂါများ ကာကွယ်ကုသရေးအစီအစဉ် ရက်(၁၀၀)စီမံချက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးမိုးအောင် ၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ဆေးကုသခံယူရန် ရောက်ရှိလာ ကြသော အသက် ၄၀နှစ်နှင့်အထက် ပြည်သူများအား အရပ်အမြင့်တိုင်းတာခြင်း၊ ကိုယ်အလေးချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ဆီးချိုသွေးချိုစစ်ခြင်း၊ CVD risk တွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြပြီး မြို့နယ် ဆရာဝန်ကြီး ဒေါက်တာစိုးမိုးအောင်နှင့် သူနာပြု ဦးစီးအရာရှိ ဒေါ်အေးအေးမြင့်တို့က ဆေးကုသခံပြည်သူ များအား မကူးစက်တတ်သောရောဂါများ မဖြစ်ပေါ်စေရေးအတွက်ဆောင်ရန်ရှောင်ရန်ကိစ္စရပ်များ၊ ကြိုတင်ကာကွယ်ရန် အချက်များ၊ ဆေးကုသမှုခံယူရာတွင် လိုက်နာဆောင်ရွက်ကြရမည့် အချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ဆရာဝန်ကြီးနှင့် ဆရာဝန်များက ဆေးကုသခံပြည်သူများအား တစ်ဦးချင်းအလိုက် ဆေးကုသမှုများ ဆောင်ရွက်ပေးကြပြီး ကျန်းမာရေးဝန်ထမ်းများက ဆေးပေးခြင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)