စဉ့်ကိုင် ဧပြီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်သော ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာ သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၂၇ ရက် နံနက် ၉ နာရီက စဉ့်ကိုင်မြို့နယ်၊ ဘယ်လင်းကျေးရွာ အုပ်စု၊ တောင်ဦးကျေးရွာ ဓမ္မာရုံတွင် ကျင်းပသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလှမျိုးက စက်ချုပ်နည်းပညာများကို အခြေခံနှင့် မွမ်းမံသင်ယူပြီး ခေတ်နှင့်အညီ ကျွမ်းကျင်သော ပညာရပ်များကို ကြိုးစားသင်ယူကြရန် အမှာစကားပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းဗိုလ်က စီမံကိန်းလုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလှမျိုးမှ ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် ကျေးရွာကော်မတီခေါင်းဆောင်တို့အား စီမံကိန်းလုပ်ငန်းများ ပေးအပ်ခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းဦး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတိုက်ကြည်တို့က ဧပြီ ၂၇ ရက်မှ မေ ၂၆ ရက်အထိ ဖွင့်လှစ်မည့် အခြေခံစက်ချုပ်နည်းပညာသင်တန်း တက်ရောက်မည့် သင်တန်းသူ (၁၅) ဦးအား သင်တန်းသုံး စက်ပစ္စည်းများ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)