ကျောက်ဆည် ဧပြီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများတွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျောက်ဆည်မြို့ မြို့တော်ခန်းမတွင် ပြုလုပ်သည်။
တွေ့ဆုံပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်အတွက်စဉ်းစားတွေးခေါ်၍ လုပ်ငန်းများ အောင်မြင်တိုးတက်ရေး ကဏ္ဍအလိုက်ဝိုင်းဝန်းဆောင်ရွက်သွားကြရန် အမှာစကားပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်သန်းက ဒေသဖွံ့ဖြိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်သွားကြရန်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြည်သူလူထု၏ လူမှုစီးပွားများ ဖွံ့ဖြိုးတိုးတက်မြင့်မားရေး ဆောင်ရွက်သွားကြရန်၊ အမှတ်(၁)မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးစိုးထွန်း က ဒီမိုကရေစီယဉ်ကျေးမှု ဖော်ဆောင်ကြရန်၊ အမှတ်(၂)မန္တလေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်သီသီကျော်က ဒေသကောင်းကျိုးလုပ်ငန်းများ ဆောင်ရွက်ကြရန် စသည့်အကြောင်းအရာများအား ရှင်းလင်းပြောကြားသည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ အမှတ်(၁)၊ အမှတ်(၂) မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝတန်ရှိသူများ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)