မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ၂၀၂၆ခုနှစ် “ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်” အခမ်းအနား နှင့် ၂၀၂၆ ခုနှစ် အသံမစဲမဟာပဌာန်းပူဇော်ပွဲ တက်ရောက်ကြည်ညို

မော်လမြိုင် ဧပြီ ၂၈

၂၀၂၆ ခုနှစ် “ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ်” အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကမ္ဘာ့နိုင်ငံအသီးသီးမှာ နှစ်စဉ်ဧပြီလ နောက်ဆုံးရက်သတ္တပတ်ကို ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်ပြီး အထိမ်းအမှတ်အခမ်းအနားများကျင်းပလျက်ရှိရာ မြန်မာနိုင်ငံမှာလည်း ကာကွယ်ဆေးထိုးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ ကာကွယ်ဆေးတွေ ထိုးနှံတိုက်ကျွေးတာဟာ ကူးစက်မြန်ရောဂါတွေဖြစ်ပွားခြင်း၊ ၎င်းရောဂါတွေကြောင့် သေဆုံးရခြင်းတွေကို ကာကွယ်နိုင်ဖို့နဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို မဖြစ်ပွားစေရန်နှင့် ရောဂါဖြစ်ပွားပါက အသက်အန္တရာယ်အပြင် ဘဝတစ်သက်တာ မသန်စွမ်းမှုဖြစ်စေတဲ့ ပိုလီယိုရောဂါနဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ရောဂါဖြစ်ပွားလျှင် ကုသမှုရရှိရင်တောင် သေဆုံးနှုန်းမြင့်မားတဲ့ ဆုံဆို့နာရောဂါတွေ ကာကွယ်နိုင်မှာဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်မယ့် လုပ်ငန်းတွေနဲ့အတူ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမှာဖြစ်ပြီး မျိုးဆက်တိုင်းအတွက် တန်ဖိုးကြီးတဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းတွေ အောင်မြင်အောင်ဆောင်ရွက်ပေးလျက်ရှိတဲ့ ဆက်စပ်ဝန်ကြီးဌာနများအားလုံးနဲ့ မိတ်ဖက်အဖွဲ့အစည်းများအား ကျေးဇူးတင်ရှိပါကြောင်းနဲ့ အနာဂတ်ရဲ့မျိုးဆက်တိုင်းကို အကာအကွယ်ပေးနိုင်ဖို့ ဝိုင်းဝန်းကြိုးပမ်းကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထိုနောက် "မျိုးဆက်တိုင်းကို ကာကွယ်ထား၊ ကာကွယ်ဆေး၏ စွမ်းပကား" Documentary Storyအားလည်းကောင်း၊ (၂၀၂၆) ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အထိမ်းအမှတ် “မျိုးဆက်တိုင်းကို ကာကွယ်ထား၊ ကာကွယ်ဆေး၏ စွမ်းပကား" တေးသီချင်းဗီဒီယိုအား ပြသခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကလေးငယ်များ ကာကွယ်ဆေးထိုးနှံနေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး ကလေးငယ်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ် အသံမစဲမဟာပဌာန်းပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ကျိုက်သလ္လံစေတီတော်ရင်ပြင် ပဋ္ဌာန်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် ဇနီး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်ဧည့်ပရိသတ်များ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့သည်။

ဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နတ်ဗြဟ္မာများအား ပင့်ဖိတ်ကာ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက် ပရိယတ္တိဝေဒီစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော်ထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တာသုတ် ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ပဋ္ဌာန်းကျမ်းစာအုပ်နှင့် ပဋ္ဌာန်းအိုးများ၊ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆရာတော်အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းကာ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ရွှေတောင်ကျောင်းဆရာတော် ဘဒ္ဒန္တဝိမလ၊ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဓမ္မကထိကဗဟုဇနဟိတဓရ၊ ဂန္တဝါစက ပဏ္ဍိတ)ထံမှ အနုမောဒနာတရားနာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ ဆရာတော်သံဃာတော်များ ဦးဆောင်၍ ပရိတ်သတ်အားလုံးက ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်ကို သံပြိုင်သုံးကြိမ် ရွတ်ဖတ်ပူဇော်ကြသည်။

ဆက်လက်၍ ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ရန်တိုက်တွန်းလွှာ ဂါထာကို မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ရွှေတောင်ကျောင်းမှ ဦးဝိဝေကက ရွတ်ဖတ်ပူဇော်ကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြများနှင့် တာဝန်ရှိသူများသည် သံဃာတော်အရှင်သူမြတ်များ အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်နေမှုကို ကြည်ညိုခဲ့ကြပြီးဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါ အသံမစဲမဟာပဌာန်း ရွတ်ဖတ် ပူဇော်ပွဲကို ဧပြီလ (၂၈) ရက်နေ့မှ မေလ (၂) ရက်အထိ (၅) ရက်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်တွင် မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်သည့် ၂ဝ၂၅-၂၀၂၆ ပညာသင်နှစ် ပြင်ဦးလွင်၊ အင်းလေး၊ ငွေဆောင်၊ နေပြည်တော်အပန်းဖြေစခန်းသို့ သွားရောက်အပန်းဖြေမည့် လူရည်ချွန်မောင်မယ်များ ဩဝါဒခံယူပွဲ အခမ်းအနားသို့ တက်ရောက်သည်။

ဦးစွာ လူရည်ချွန် ကျောင်းသား/ ကျောင်းသူမောင်မယ်များနှင့် ကြီးကြပ်ဆရာ၊ ဆရာမများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး မော်လမြိုင်တက္ကသိုလ်ပါမောက္ခချုပ်မှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများ ရွေးချယ်ရေးကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အတွက် အရည်အချင်းမြင့်မားတဲ့ လူ့စွမ်းအားအရင်းအမြစ် များဖြစ်သော လူရည်ချွန်မောင်မယ်လေးများကို အပန်းဖြေစခန်း အသီးသီးသို့ သွားရောက်အပန်းဖြေလေ့လာရေးခရီးစဉ် မစတင်မီ အားပေး ချီးမြှင့်လိုတဲ့အတွက် ယခုလို ခေါ်ယူတွေ့ဆုံရခြင်းဖြစ်ပါတယ်၊ မွန်ပြည်နယ် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နဝမတန်းမှ(၃)ဦး၊ ဒသမတန်းမှ(၄)ဦး၊ ဧကာဒသမတန်းမှ (၄)ဦး၊ ဒွါဒသမတန်းမှ(၃)ဦး၊ မော်လမြိုင်တက္ကသိုလ်မှ(၂)ဦး၊ ပညာရေးဒီဂရီ ကောလိပ်မှ(၂)ဦး၊ နည်းပညာတက္ကသိုလ်မှ(၂)ဦး၊ သထုံကွန်ပျူတာ တက္ကသိုလ်မှ(၂)ဦးနှင့် ကြီးကြပ်ဆရာ၊ ဆရာမ(၄)ဦး စုစုပေါင်း(၂၆)ဦးတို့သွားရောက်မှာ ဖြစ်ကြောင်း၊ ယခုနှစ် လူရည်ချွန်လူငယ်မောင်မယ်များဟာ ပြင်ဦးလွင်၊ အင်းလေး၊ ငွေဆောင်၊ နေပြည်တော် လူရည်ချွန်အပန်းဖြေစခန်းများသို့ ဒေသန္တရ ဗဟုသုတများ၊ အတွေးအမြင်များ၊ ပညာများ အပြန်အလှန်ဖလှယ်ဖို့အတွက် သွားရောက်ကြမှာဖြစ်၍ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ အားလုံး တွေ့ဆုံရမယ့်ခရီးစဉ်မှာ စည်းကမ်းတကျ သွားလာကြပြီး လူရည်ချွန်စခန်းအသီးသီးမှ လှုပ်ရှားဆောင်ရွက်မှုများမှာလည်း ညီညီညွတ်ညွတ် ပါဝင်ဆင်နွှဲကြဖို့နဲ့ ပြည်နယ်ဂုဏ်ဆောင်ကြစေလိုကြေကြောင်းပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က လူရည်ချွန်ကျောင်းသား /ကျောင်းသူများအား ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်ခဲ့ပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)