တာချီလိတ်မြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

တာချီလိတ် ဧပြီ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရက်(၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့နံနက်ပိုင်းက မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝှေလေလန် ဘုန်းကြီးကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသက်ဆွေဦး ဦးဆောင်၍ ဝန်ထမ်းများကအသက် ၁၀ နှစ်နှင့် ၁၈ နှစ်ပြည့်ပြီးသူများ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ခြင်း၊ လဲလှယ်ခြင်းဆောင်ရွက်လိုသူများ၏ Biometric data အချက်အလက်များ စိစစ်ကောက်ယူခြင်း၊ မျက်လုံး Scan ဖတ်ခြင်း၊ လက်ဗွေနှိပ်ခြင်းနှင့် လိုအပ်သည့် ကိုယ်ရေးအချက်အလက်များ ထည့်သွင်းခြင်းတို့ပြုလုပ်ကာ UID နံပါတ်ကတ်များ ဆောင်ရွက်ပေးနေမှုအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအွန်ခမ်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလင်းအောင်၊  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမျိုးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။

အဆိုပါ ရက်(၁၀၀)စီမံချက်ဖြင့် Biometric data ကောက်ယူ၍ UID (Unique Identity) ထုတ်ပေးခြင်းလုပ်ငန်းကို ဧပြီလ ၁၉ ရက်နေ့မှ ယနေ့ထိ တာချီလိတ်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူ ၃၂၅ ဦး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်ရှိသူများအား သက်ဆိုင်ရာရပ်ကွက်အလိုက် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)