သံဖြူဇရပ် ဧပြီ ၂၈
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် အောင်မင်္ဂလာရပ်ကွက်ရှိ ဓမ္မာရာမတောရကျောင်းတိုက်၌ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် အလှူရှင်များ ပူးပေါင်း၍ ဒုတိယကမ္ဘာစစ်အတွင်း သံဖြူဇရပ်ချွေးတပ်စခန်းတွင် ကွယ်လွန်သူ မြန်မာလူမျိုးချွေးတပ်သားများအား ရည်စူး၍ သံဃာတော် (၁၀၈) ပါးကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။
အဆိုပါအခမ်းအနားကို ဓမ္မာရာမတောရကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တရက္ခိတာလင်္ကာရအမှူးပြု သံဃာတော်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးလွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး မိုးမြင့်၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ဒု-ဥက္ကဋ္ဌ ဦးခင်မောင်ကျော်ဒင်၊ ဦးစိန်တိုး (တွဲဘက် အတွင်းရေးမှူး-၁) နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး၊ ဘဒ္ဒန္တရက္ခိတာလင်္ကာရထံ မှငါးပါးသီလခံယူဆောက်တည်ခဲ့ပြီး လှူဖွယ်ပစ္စည်း အစုစုတို့အား ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး သံဃာတော် ၁၀၈ ပါးအား နေ့ဆွမ်းဆက်ကပ်ခဲ့ကြသည်။
ထို့နောက် ဝယ်သွန်ချောင်ကျေးရွာရှိ ဂျပန်ဘုရားသို့ လေ့လာကြည့်ရှု့၍ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးပြီး၊ သေမင်းတမန်မီးရထားပြတိုက်သို့ ရောက်ရှိကာ လေ့လာကြည့်ရှ့၍ ကွယ်လွန်သွားသော မြန်မာလူမျိုးချွေးတပ်သားများအား ရည်စူး၍ စုပေါင်းပန်းစည်းချ မေတ္တာပို့ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)