မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၏ လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနား ကျင်းပ

မိတ္ထီလာ ဧပြီ ၂၈

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၏ လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီက မိတ္ထီလာမြို့ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ဦးစွာတက်ရောက်လာကြသည့် မိတ္ထီလာခရိုင်နှင့်ရမည်းသင်းခရိုင်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်များက တစ်ဦးချင်းမိတ်ဆက်သည်။

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်လည်းကောင်း၊ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်းနှင့် သာစည်မြို့နယ်များမှ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့မိမြို့ဖများနှင့်လည်းကောင်း မန္တလေး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌထံ မိတ်ဆက်တင်ပြသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက လွှတ်တော်အတွေ့အကြုံများကို ရှင်းလင်းပြောကြားပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဒေသခံပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသဆိုင်ရာအုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များက အပြန်အလှန် ညှိနှိုင်းတိုင်ပင်ပြီး အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် တိုက်တွန်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံ ပြည်သူများက သိရှိလိုသည်များကို မေးမြန်းတင်ပြကြရာ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ပြန်လည်ဆွေးနွေးဖြေကြားပြီး အခမ်းအနားအပြီးတွင် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ချမ်းသာ