မိုးညှင်း ဇန်နဝါရီ ၁၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း တည်ရှိပြီး မြန်မာနိုင်ငံ၏အကြီးဆုံး ရေချိုအိုင်ကြီးဖြစ်သည့် အင်းတော်ကြီး ကန်နှင့် ပတ်ဝန်းကျင်ဒေသများကို လူထုအခြေပြု သဘာဝခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် ရည်ရွယ် ကျင်းပသည့် အစည်းအဝေးကို ယနေ့ နံနက် (၉:၃၀) အချိန်တွင် အင်းတော်ကြီးပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာပေးပြခန်း၌ ကျင်းပရာ ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးကျော်ကျော်ဝင်း တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးက အင်းတော်ကြီးကန်ဟာဆိုရင် မြန်မာနိုင်ငံမှာ အကြီးဆုံး ကန်ဖြစ်သလို အရှေ့တောင် အာရှမှာလည်း တတိယအကြီးဆုံးဖြစ်ပြီး ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသည့်အတွက် သဘာဝကို အခြေခံသည့် ခရီးသွားလုပ်ငန်းများ ဖော်ဆောင်ရခြင်း ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပါက ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်။
ယနေ့ကျင်းပသည့် အင်းတော်ကြီး သဘာ၀အခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး အစည်းအဝေးကို အင်းတော်ကြီး တောရိုင် တိရစ္ဆာန် ဘေးမဲ့တောနှင့် Fauna and Flora International – FFI တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး အခမ်းအနားတွင် သက်ဆိုင်ရာ တာဝန်ရှိသူများ ကမ်းခြေဒေသဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ခရီးသွား ဝန်ဆောင်မှုများနှင့် ခရီးစဉ်ဖော်ဆောင်မည့် အခြေအနေများ၊ အင်းတော်ကြီး ဇီဝအဝန်းနယ်မြေအတွင်းရှိ အိမ်မွေးဆင်များ ထိန်းသိမ်းရေးနှင့် ဆင်ထိန်းသိမ်းရေး အခြေပြုခရီး သွားလုပ်ငန်း ဖော်ဆောင်ရေး၊ ဇီဝအဝန်းနယ်မြေအတွင်း ခရီးသွားလုပ်ငန်းဆိုင်ရာ စည်းကမ်းချက်များ၊ အင်းတော်ကြီး ဒေသ Destination management Plan များစသည့် အကြောင်းအရာများကို ညနေ ၄ နာရီခွဲအချိန်အထိ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)