နမ့်ခမ်းမြို့နယ်အတွင်းရှိ ပြည်သူများအား အစိုးရသစ်လက်ထက် ရက်(၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

မူဆယ် ဧပြီ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ ပြည်သူများအား အစိုးရသစ်လက်ထက် ရက်(၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းလုပ်ငန်းများကို ယာယီရုံးဖွင့်လှစ်ထားရှိသည့် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ငွေဆင်အိမ်ရာတွင် ယမန်နေ့နံနက်ပိုင်းတွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နမ့်ခမ်းမြို့နယ်ဦးစီးမှူးရုံးအား လတ်တလော နယ်မြေအခြေအနေများကြောင့် နမ့်ခမ်းမြို့နယ်တွင် ဖွင့်လှစ်နိုင်ခြင်းမရှိသော်လည်း၊ နမ့်ခမ်းမြို့နယ်အတွင်းမှ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်း နှင့် UID ကောက်ယူခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ယာယီရုံးခွဲအား မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ငွေဆင်အိမ်ရာတွင် ဖွင့်လှစ်ထားရှိပြီး နမ့်ခမ်းမြို့နယ်အတွင်းရှိ တိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စည်းရုံးချိတ်ဆက်ဖိတ်ခေါ်၍ လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိပါသည်။

နမ့်ခမ်းမြို့နယ်အတွင်းရှိ ပြည်သူများ၏ အခြေခံလိုအပ်ချက်ကိုရှေးရှု၍ အစိုးရသစ်လက်ထက် ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ၃(က) ၁၃ ဦး၊ ၆(က) ၇ ဦး၊ မွေးတိုး ၂၃ ဦး၊ သေဆုံး ၁၈ ဦး၊ မြို့နယ်တွင်းပြောင်းဝင် ၂၉ ဦး၊ ပြောင်းထွက် ၅ ဦး၊ စုစုပေါင်း ၇၈ ဦး၊ UID ကောက်ယူခြင်း ၄၀ ဦး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး၊ ၂၀-၄-၂၀၂၆ ရက်နေ့မှ ယနေ့အထိ ၃(က) ၅၅ ဦး၊ ၆(က) ၂၁ ဦး၊ မွေးတိုး (၆၈)ဦး၊ သေဆုံး ၃၄ ဦး၊ စုစုပေါင်း ၂၁၂ ဦးနှင့် UID ကောက်ယူမှုအနေဖြင့်   ၂၀၀ ဦး ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

အဆိုပါ ဆောင်ရွက်သည့်နေရာသို့ မူဆယ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မူဆယ်ခရိုင်ဦးစီးမှူး ဦးထွန်းဇော်ဦးနှင့် မြို့နယ်ဦးစီးမှူး ဦးနိုင်ထူးမြင့်၊ နမ့်ခမ်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းအောင်၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ပြီး၊ ပြည်သူများလက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)