နမ့်စန်တွင် နမ့်လတ်ချောင်းစီးဝင်နေသော နောက်ဆုံးရေငုပ်ဂူအတွင်း ပိတ်ဆို့နေသော အမှိုက်များအား ဆက်လက်ရှင်းလင်း

နမ့်စန်(တ) ဧပြီ ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြို့လယ်မှ ဖြတ်သန်းစီးဆင်းနေသော နမ့်လတ်ချောင်းရေစီးဝင်သည့် ရေငုပ်ဂူများနှင့် ချောင်းတလျှောက်တွင် သန့်ရှင်းရေး လုပ်ငန်းများကို ဧပြီလ ၂၅ ရက်မှစတင်၍ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီက အမှတ်(၁)ရပ်ကွက်၊ ဗုဒ္ဓရာဇာဘုန်းတော်ကြီးကျောင်း အနောက်ဘက်ရှိ  နောက်ဆုံးရေငုပ်ဂူကြီးအတွင်း သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါရေငုပ်ဂူကြီးအတွင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းက ဦးဆောင်၍ တပ်မတော်သားများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများက ဂူအဝတွင် ပိတ်ဆို့နေသော နှုန်းမြေများနှင့် အမှိုက်များကို ရှင်းလင်းခြင်း၊ အဆိုပါ ရေငုပ်ဂူကြီးအတွင်း ပိတ်ဆို့နေသော သစ်ပင်သစ်ကိုင်းများ၊ အမှိုက်မျိုးစုံနှင့် မြေကြီး၊ သဲနှုန်းများကို ဆယ်ယူရှင်းလင်းခြင်းစသည်တို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ရေငုပ်ဂူများပိတ်ဆို့၍ နှစ်စဉ်ရေကြီးရေလျှံမှုများ ဖြစ်ပွားကာ ပျက်စီးဆုံးရှုံးမှုများစွာ အကြိမ်ကြိမ်ဖြစ်ပွားသဖြင့် ရေကြီးရေလျှံမှုမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ပြင်ဆင်ခြင်းနှင့် ချောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး ရေငုပ်ဂူများအတွင်း စက်ယန္တရားများ မဝင်ရောက်နိုင်ခြင်း၊ သဲနုန်းမြေ၊ အမှိုက်ပေါင်းစုံနှင့် သစ်မြစ်သစ်တုံးများ ပိတ်ဆို့မှုမှာ ယခုနှစ်တွင် ယခင်နှစ်များထက် ပိုမိုများပြားကာ ရှင်းလင်းရန်ခက်ခဲပြီး အချိန်ကြာမြင့်သည့်အတွက် တာဝန်ရှိသူများနှင့် တပ်မတော်သားများ၊ မြို့ပေါ်ရပ်ကွက်နေပြည်သူများ၏ လုပ်အားများဖြင့် အပြီးသတ်ရှင်းလင်းသည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရေငုပ်ဂူအနီးတွင် အမှိုက်စစ်သံဇကာများ တပ်ဆင်ဆောင်ရွက်နိုင်ရေးနှင့် ရေချောင်းအတွင်း အမှိုက်မစွန့်ပစ်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်၍ စည်းကမ်းမဲ့အမှိုက်ပစ်သူများကို သက်ဆိုင်ရာဥပဒေများအရ စောင့်ကြည့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌထံမှ သိရသည်။

သူရအောင်(နမ့်စန်)