မြစ်ကြီးနား ဧပြီ ၂၈
မြစ်ကြီးနားသင်တန်းစခန်း၏အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗလမင်းထင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် တပ်မတော်အရာရှိကြီးများ၊ သင်တန်းသား/ သင်တန်းသူများနှင့် ၎င်းတို့ ၏ အုပ်ထိန်းသူမိဘများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုလိုလေကြောင်းလူငယ်သင်တန်း ဖွင့်လှစ်ရခြင်းသည် မောင်တို့မယ်တို့လို မျိုးဆက်သစ်လူငယ်များအား ယုံကြည်ချက်၊ခံယူချက် မြင့်မား မှန်ကန်စေပြီး အနာဂတ်တပ်မတော်နှင့် နိုင်ငံတော်တည်ဆောက်ရေးအတွက် လူ့စွမ်းအားအရင်း အမြစ်များ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပါကြောင်း၊ ဒါ့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ စေတနာကို နားလည်သဘောပေါက်ပြီး အမိနိုင်ငံတော် တိုးတက်ဖွံ့ဖြိုးရေးနှင့် ကာကွယ်ရေးအတွက် နိုင်ငံတော်ကအားထားရသည့် ပျံသန်းရေးဆိုင်ရာပညာရှင်များ၊ လေကြောင်း စက်မှုလက်မှုပိုင်းဆိုင် ရာပညာရှင်များ၊ မြို့ပြလေကြောင်းဆိုင်ရာ ပညာရှင်များပေါ်ထွန်း လာစေရေးအတွက် အနာဂတ် လေကြောင်းမျိုးဆက်သစ်လူငယ်များဖြစ်သည်နှင့်အညီ ယခုသင်တန်းကို စိတ်ပါဝင်စားစွာ ကြိုးစား သင်ယူသွားရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် တိုင်းမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းတက်ရောက် စဉ်ကာလအတွင်း အလေးထားလိုက်နာ၊ ကြိုးစားသင်ယူနိုင်ရေး ရှင်းလင်းပြောကြားပြီး ပြည်နယ် ဝန်ကြီးချုပ်က မြစ်ကြီးနားသင်တန်းစခန်းတွင် သင်တန်းသား/ သင်တန်းသူဦးရေ ၆၀ ဦးဖြင့် ဖွင့်လှစ် သွားမည့် အခြေခံလေကြောင်းလူငယ်သင်တန်းအတွက် ချီးမြှင့်ငွေကျပ်သိန်း ၆၀ ကို လည်းကောင်း၊ တိုင်းမှူးက သင်တန်းသား/ သင်တန်းသူများအတွက် သင်တန်းအထောက်အကူပြုပစ္စည်းများကို လည်းကောင်း၊ အလှူရှင်များက သင်တန်းအတွက် အလှူငွေများကို လည်းကောင်း မြစ်ကြီးနား လေတပ်စခန်းဌာနချုပ်ထံ ပေးအပ်ကြရာ ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ် ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များက သင်တန်းသား/ သင်တန်းသူများနှင့် ၎င်းတို့၏ မိဘများအား လိုက်လံနှုတ်ဆက်အား ပေးခဲ့ကြကာ ခန်းမအတွင်း ခင်းကျင်းပြသထားသည့် လေကြောင်းဆိုင်ရာပစ္စည်းများနှင့် အသုံးအ ဆောင်များ၊ မှတ်တမ်းဓာတ်ပုံများ ပြသထားရှိမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး သင်တန်းသား/ သင်တန်းသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းအတွင်း မြစ်ကြီးနားသင်တန်းစခန်းဖွင့်လှစ်၍ သင်တန်းသား/ သင်တန်းသူများ ၏အိပ်ဆောင်များ၊စားရိပ်သာနှင့်သင်တန်းခန်းမဆောင်၊ စစ်ရေးပြကွင်း၊ စာကြည့်တိုက်၊ ကျန်းမာရေး စောင့်ရှောက်မှုပေးရေးအဆောင်၊ ဧည့်တွေ့ဆောင်များဖြင့် စနစ်တကျ ပြင်ဆင်ဆောင်ရွက်ထားရှိမှု များကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)