ရမည်းသင်း ဧပြီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများမှ အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း ရက် (၁၀၀) စီမံချက်ဖြင့် ဖွင့်လှစ်သည့် အခြေခံ/မွမ်းမံစက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက စံပြသိမ်ကုန်းကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရမည်းသင်းခရိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှုး ဦးထိုက်တန်က မိမိတို့ဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်နှင့် အမျိုးသမီးများအနေဖြင့် အိုးမကွာအိမ်မကွာနှင့် တဖက်တလမ်းမှ ဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ သင်တန်းများကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းမှာ အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းအား ရက် (၁၀၀) စီမံချက်ဖြင့် အခြေခံ/မွမ်းမံ စက်ချုပ်နည်းပညာသင်တန်း (အခမဲ့) ကို ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းသူ (၁၅) ဦးဖြင့် အခြေခံစက်ချုပ်သင်တန်းနှင့် မွမ်းမံစက်ချုပ်သင်တန်းကို (၄၅) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ၎င်းသင်တန်းတွင် အမှန်တကယ် လုပ်ငန်းလုပ်ကိုင်လိုသည့် ထူးချွန်သင်တန်းသူ (၅) ဦးကို လုပ်ငန်းထူထောင်နိုင်ရန်အတွက် လုပ်ငန်းသုံးပစ္စည်း (၇) မျိုး သုံးစွဲခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)