မချမ်းဘော၌ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်ပွဲကျင်းပ

မချမ်းဘော ဧပြီ၂၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မလိခအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ 

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ကြီးကြပ်မှုအဖွဲ့ဝင် ရဲမှူးအောင်ချိုမြင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ၊ သင်တန်းစည်းကမ်းများနှင့် သင်တန်းသားများ ဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းပြောကြားသည်။

သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ သင်တန်းသားများ စုစုပေါင်း ၇ဝ ဦး တက်ရောက်ခဲ့သည်။

ထို့နောက် သင်တန်းကို ဆက်လက်ပို့ချရာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ အကာ အကွယ်ပေးရေး ဥပဒေများအကြောင်းကို သင်တန်းနည်းပြ ဒုတိယအုပ်ချုပ်ရေးမှူး ဦးတူးဂျာမှလည်းကောင်း၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို မြို့နယ်အထွေထွေရွေးကောင်ပွဲကော်မရှင်အဖွဲ့ခွဲမှ သင်တန်းနည်းပြ ဦးစီးအရာရှိ ဦးမိုးအောင်မှလည်းကောင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဘာသာရပ်ကို ရဲမှူးအောင်ချိုမြင့်မှလည်းကောင်း၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်း ဥပဒေဘာသာရပ်ကို စခန်းမှူးစိုးဝင်းအောင်မှလည်းကောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေဘာသာရပ်ကို ဒုရဲအုပ်ချမ်းသာမှလည်းကောင်း၊ ကျန်းမာရေးဆိုင်ရာ ရှေးဦးသူနာပြုစုနည်းနှင့် ကူးစက်ရောဂါကာကွယ်ရေးဘာသာရပ်ကို မြို့နယ်ပြည်သူ့ကျန်းမာဦးစီးဌာနကျန်းမာရေးမှူး ဦးအောင်မင်းဦးမှလည်းကောင်း၊ စစ်ရေးပြလေ့ကျင့်ခြင်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ တပ်ကြပ်လှထွန်း၊ တပ်ကြပ်ရဲလင်းအောင်တို့ ကလည်းကောင်း အသီးသီးစာတွေ့လက်တွေ့ပို့ချသွားမည်ဖြစ်ပြီး မချမ်းဘောမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ဝင် ၅၀ ဦးတို့ကို နေ့စဥ် နံနက် ၈ နာရီမှ ညနေ ၃ နာရီထိ သင်ခန်းစာပို့ချသွားမည်ဖြစ်ကာ သင်တန်းကာလမှာ ဧပြီ ၂၇ ရက်မှ မေလ ၂၄ ရက်နေ့ထိဖြစ်ကြောင်း သိရသည်။ 

ယောရွှေနီ