လားရှိုး ဧပြီ ၂၈
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ပြည်သူများ လွှတ်တော်အတွေ့အကြုံဗဟုသုတရရှိစေရန်ရည်ရွယ်၍ လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက လားရှိုးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
ရှေ့ဦးစွာ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းက အမှာစကားပြောကြားပြီး လားရှိုးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမျိုးထွန်းက နှုတ်ခွန်းဆက်စကားပြောကြားပြီး လွှတ်တော်အတွင်း လွှတ်တော်ကိုယ်စားလှယ်များ ဆောင်ရွက်ရသည့်အကြောင်းအရာများ၊ ပြည်သူတို့၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေး ခဲ့သည်။
ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝင်းခိုင်မှ လွှတ်တော်အတွေ့အကြုံများအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများက လားရှိုးမြို့အတွင်း စက်သုံးဆီများ အစိုးရသတ်မှတ်ရည်ညွှန်းဈေးဖြင့် ခွဲတမ်းရရှိစေရေး၊ မြို့ပေါ်ရပ်ကွက်များအားလုံး လျှပ်စစ်မီးရရှိစေရေးနှင့် ကုန်ဈေးနှုန်းများ သက်သာချောင်ချိစေရန်အတွက် ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး သီပေါတံတားအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး စသည့်ကိစ္စရပ်များအား ဆွေးနွေးတင်ပြခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းနှင့် ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး (လားရှိုး) မှ ရဲမှူးကြီး ခင်မောင်ညွန့်တို့က ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့သည်။
ထို့အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် လားရှိုးမြို့ ရပ်ကွက် ၇ သံလွင်ရပ်ကွက်တွင် ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိစေရေး ကွင်းဆင်းဆောင်ရွက်ပေးနေမှုအခြေအနေများအား ကြည့်ရှုအားပေးကာ လိုအပ်သည်များအား သက်ဆိုင်ရာဌာနများဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)