မူဆယ်မြို့တွင် အစိုးရသစ်ကာလ ရက် (၁၀၀) စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

မူဆယ် ဧပြီ ၂၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် အစိုးရသစ်ကာလ အများပြည်သူများ၏ အခြေခံလိုအပ်ချက်ကို ရှေးရှု၍ ရက်(၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ မောက်ကိုဆွဲ့ခန်းမ၌ ယမန်နေ့တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ ကြီးမှူး၍ မူဆယ်မြို့နယ်အတွင်း နေထိုင်သည့်ပြည်သူများအား အစိုးရသစ်ကာလ အများပြည်သူများ၏ အခြေခံလိုအပ်ချက်ကို ရှေးရှု၍ ရက်(၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိစေရေး ဆောင်ရွက်ပေးခြင်းဖြစ်ပြီး၊ မွေးတိုး၊ သေဆုံး၊ ပြောင်းဝင်၊ ပြောင်းထွက်၊ မြို့နယ်တွင်းပြောင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။ မူဆယ်မြို့တွင် ရပ်ကွက်(၉)ခု ရှိပြီး၊ ယနေ့တွင် ရပ်ကွက်(၄)ခုအထိ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပြီး၊ နောက်ရက်များတွင်လည်း ကျန်ရပ်ကွက်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများအား မူဆယ်မြို့နယ် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဆလိုင်းဟေမန်ထွန်းနှင့် တာဝန်ရှိသူများမှ ပြည်သူများလက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်