မိုင်းယန်း ဧပြီ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သွားလာရန်ခက်ခဲသော တောင်ပေါ်ဒေသ ယန်းကောင်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများသို့ ပြည်သူ့အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်များ ပြုလုပ်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ဝန်းလိတ်ရပ်ကွက်အတွင်းရှိ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံး၌ ကျင်းပသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ပြည်သူ့အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ထားသည့် ယန်းကောင် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများအသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားများအားလိုအပ်သည့် အထောက်အထား အချက်အလက်များ ဖြည့်စွက်ကာ ဇီဝဆိုင်ရာအချက်အလက်များစိစစ်ကောက်ယူခြင်း လုပ်ထုံလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ပေးခဲ့ပြီး မိုင်းယန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းသန့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်နိုင်အေးနှင့် မြို့နယ်ဦးစီးမှူး ဦးစိုင်းသောင်းရွှေတို့မှ စုစုပေါင်း(၅၈)ဦးတို့အား လက်ဝယ်အရောက် အသီးသီးပေးအပ်ပြီးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး