ရက်(၁၀၀)အတွင်း ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်စေရန် စက်ချုပ်နည်းပညာသင်တန်း Snack အမျိုးမျိုးနှင့် ယိုမျိုးစုံထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်

နေပြည်တော် ဧပြီ ၂၈

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ရက်(၁၀၀)အတွင်း ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်စေရန် ရည်ရွယ်သည့် “စက်ချုပ်နည်းပညာသင်တန်း” နှင့် “Snack အမျိုးမျိုး၊ ယိုမျိုးစုံထုတ်လုပ်မှုနည်းပညာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို  ယမန်နေ့နံနက်ပိုင်းတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ Incubation Center ၌ ကျင်းပပြုလုပ်ရာ အဆိုပါအခမ်းအနားသို့ လယ်ဝေးမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ကျေးရွာမှတာဝန်ရှိသူများ၊ သင်တန်းသား/သူများဖြင့် စုစုပေါင်း ၈၀ ဦးခန့် တက်ရောက်ကြသည်။

အခမ်းအနားတွင် လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဌေးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အစဥ်တစ်စိုက်ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းများကို တတ်တတ်ကြွကြွနှင့် သင်ယူစေလိုကြောင်း၊ အလားတူဒေသဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက ယခုဖွင့်လှစ်သည့်သင်တန်းများကို လယ်ဝေးမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်နှင့် ပျဉ်းမနားခရိုင်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒက္ခိဏသီရိမြို့နယ် ပိတောက်ကုန်းကျေးရွာနှင့် လယ်ဝေးမြို့နယ် ဆည်စုကျေးရွာတို့တွင် ဖွင့်လှစ်မည့် စက်ချုပ်နည်းပညာသင်တန်းကို အခြေခံနှင့် မွမ်းမံသင်တန်း စုစုပေါင်း ၄၅ ရက်ကြာ သင်ကြားပေးမည်ဖြစ်ပြီး၊ ပျဉ်းမနားခရိုင်တွင် ဖွင့်လှစ်မည့် စားသောက်ကုန်ထုတ်လုပ်မှုသင်တန်းကို ၁၄ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှ စတင်ကာ ဤစီမံကိန်းကို ဖော်ဆောင်ခဲ့ရာ ပထမနှစ်တွင် ကျေးရွာ ၁၅၁ ရွာ၌ လုပ်ငန်းရှင် ၇၅၅ ဦး၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ ၁၉၃ ရွာ၌ လုပ်ငန်းရှင် ၉၆၅ ဦးနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ ၂၀၀ ရွာ၌ လုပ်ငန်းရှင် ၉၉၀ ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့သဖြင့် ပြီးခဲ့သည့် သုံးနှစ်တာကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ငန်းရှင် စုစုပေါင်း ၂,၇၁၀ ဦးကို ပေါ်ထွန်းလာစေခဲ့ပါကြောင်း၊ ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင်လည်း ကျေးရွာပေါင်း ၂၁၄ ရွာတွင် သင်တန်းများ ထပ်မံဖွင့်လှစ်ရန် လျာထားပြီးဖြစ်ကြောင်း ပြောကြားသည်။

ယခုဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်းနှင့် Snack အမျိုးမျိုး၊ ယိုမျိုးစုံထုတ်လုပ်မှု နည်းပညာသင်တန်းများတွင် သင်တန်းသားများအား သက်ဆိုင်ရာနည်းပညာရပ်များကို ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်သည်အထိ စာတွေ့(၃၀)ရာခိုင်နှုန်း၊ လက်တွေ့(၇၀)ရာခိုင်နှုန်း သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား(၁၅)ဦးအား သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးပြီး ရက်(၁၀၀)အတွင်း ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)