ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး (မြို့ပေါ်လုံခြုံရေး)အဖွဲ့ စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်ပွဲနှင့် ကျေးရွာမီးလင်းရေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ပင်းတယ ဧပြီ ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး (မြို့ပေါ်လုံခြုံရေး)အဖွဲ့ စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားပေးပြီး ထောက်ပံ့ငွေများကိုပေးအပ်ရာ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူသည်။

အဆိုပါ သင်တန်းအား ဧပြီလ ၂၇ ရက်နေ့မှ မေလ ၂၂ ရက်နေ့အထိ ရက်သတ္တပတ် ၄ ပတ်ကြာဖွင့်လှစ် သင်ကြားလေ့ကျင့်ပေးသွားမည်ဖြစ်ပြီး ၎င်းသင်တန်းတွင် သင်တန်းသား ၅၀ ဦး တက်ရောက်သင်ကြားမည် ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ထွက်နီကျေးရွာအုပ်စု မြေနီတောင် ကျေးရွာမီးလင်းရေးဖွင့်ပွဲ အခမ်းအနားသို့ သွားရောက်ကာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရဘတ်ဂျက်ဖြင့်  ဆောင်ရွက်သော မြေနီတောင်ကျေးရွာမီးလင်းရေး ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း တောင်ကြီးခရိုင်၏ လျှပ်စစ်အင်ဂျင်နီယာမှ လျှပ်စစ်နှင့် ပတ်သက်သည့် ကိစ္စများအား ရှင်းလင်းပြောကြားကာ မြေနီတောင်ကျေးရွာသူ၊ ကျေးရွာသားများ၏ ကိုယ်စားကျေးရွာသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ မြေနီတောင်ကျေးရွာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် တင်ဒါအောင် ကုမ္ပဏီများက(၁၁) ကေဗီဓာတ်အားလိုင်း (၀.၅) မိုင်နှင့် ၁၁/၀.၄  ကေဗီ ၊ ၁၀၀ ကေဗီအေ (၁)လုံးတည်ဆောက်ခြင်းနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း (၇၃၀၀)ပေ တည်ဆောက်ခြင်းလုပ်ငန်းအား စုစုပေါင်းငွေကျပ် ၃၀၂.၈၅၆ သန်းဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသည့်  ထွက်နီကျေးရွာအုပ်စုအတွင်းရှိ ဒေသခံ ပြည်သူများက   မိမိတို့ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို တင်ပြဆွေးနွေးကြရာ  ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌမှ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ပြန်လည်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)