လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရေစီးရေလာကောင်းမွန်စေရန် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့် ကွင်းဆင်းဆောင်ရွက်

လှိုင်သာယာ(အရှေ့ပိုင်း) ဇန်နဝါရီ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် ရေကြီးရေလျှံမှုများ မဖြစ်ပွားစေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် ရေနုတ်မြောင်းများ ဆယ်ယူခြင်းနှင့် Box Culvert များ ပြုလုပ်ရန် အုတ်ရေမြောင်းများ တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်၊ လွှတ်တော်ကိုယ်စားလှယ်များရုံးအဖွဲ့၊ မြို့နယ်စည်ပင် သာယာအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ (ရေစီးရေလာ) အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ကျေးအလုပ်အမှုဆောင်များနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အတွင်း ရေကြီးရေလျှံမှုများ လျော့ချနိုင်ရေးဆောင်ရွက်နေသော အမှတ်(၆)ရပ်ကွက်အတွင်းရှိ မဟော်ဂနီလမ်း ရေစီးရေလာကောင်းမွန်စေရန် ပိတ်ဆို့နေသော ရေနူတ်မြောင်းငယ် ဧရိယာတွင် Box Culvert ပြုလုပ်ရန် တူးဖော်ရှင်းလင်းခြင်း၊ စက်အင်အား၊ လူအင်အားဖြင့် ရေမြောင်းများ ဆယ်ယူခြင်း၊ အုတ်ရေမြောင်းပြုလုပ်နေမှုတို့ကို  ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းတာဝန်ခံများနှင့် တွေ့ဆုံခဲ့သည်။

အဆိုပါ ရေစီးရေလာကောင်းမွန်စေရန် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက် ပြီးစီးပါက မြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုများ လျော့နည်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)