နောင်မွန်း ဧပြီ ၂၇
ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် ခြင်၊ ယင်၊ မှတ် အန္တရာယ်များ ကင်းရှင်းစေရေးနှင့် သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်နယ်အစိုးရ၏လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးပူးပေါင်းဆောင်ရွက်ခြင်းကို ဧပြီလ ၂၅ ရက်နံနက် ၈ နာရီတွင် မြို့နယ်ပြည်သူ့အားကစားကွင်းနှင့် ပြည်သူ့ဆေးရုံဝန်းအတွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
နောင်မွန်းမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် အပတ်စဉ်စနေနေ့တိုင်းတွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်ပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ ယခုအပတ်စဉ်တွင် ပြည်သူ့အားကစားကွင်းနှင့် ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်အောင် ရေနှုတ်မြောင်းများရှင်းလင်းခြင်း၊ လူနာဆောင်ပတ်လည်မြက်ရှင်းခြင်းနှင့် ပိုးလောက်လမ်းများ ခိုအောင်းနိုင်သည့် ရေဆိုးရေညှစ်များ ဖယ်ထုတ်ခြင်း၊ ရေဝပ်သည့်နေရာများအား မြေဖို့ခြင်း/မြေညှိခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးနမ်ရဲမင်၊နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီးနှင့် သူနာပြုဆရာမများ/ ဆေးရုံဝန်ထမ်းများစသဖြင့် စုစုပေါင်းအင်အား (၈၆) ဦးတို့ ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)