ရပ်စောက် ဧပြီ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) စစ်ရေးပြကွင်း၌ ယနေ့နံနက်၈နာရီက ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၄)ဖွင့်ပွဲပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူ၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မင်းသီဟနှင့်တပ်နယ်မှအရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများတက်ရောက်ခဲ့ကြသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီးက ပြည်သူ့ စစ်မှုထမ်းသင်တန်းသား(၉၀)ဦးအားသင်တန်း ဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်အတူတာဝန်ရှိသူများကစားရိပ်သာခန်းမ၌ ပြည်သူ့စစ်မှုထမ်း သင်တန်းသားများအား ကြိုဆိုဂုဏ်ပြုစကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းသားများနှင့် အတူတကွ လက်ဖက်ရည်သုံးဆောင်ခဲ့ကြကြောင်း သိရသည်။
အလားတူ တပ်မတော်(ကြည်း) အမှတ်(၁)အရာခံနှင့်အကြပ်ကြီးသင်ကျောင်းရှိ စစ်ရေးပြကွင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၄)ဖွင့်ပွဲပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဝမ်းလှိုင်းတစ်ပ်၊ ဗထူးတပ်နယ်မှူး ဗိုလ်မှူးချုပ် ဇေယျာလင်း၊ တပ်မတော်(ကြည်း)အမှတ်(၁)အရာခံနှင့်အကြပ်ကြီးသင်ကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး ကျော်သူလှိုင်နှင့် တပ်နယ်မှအရာရှိများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းစိုးနိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်မှုထမ်း သင်တန်းသားများတက်ရောက်ခဲ့ကြသည်။
သင်တန်းဖွင့်ပွဲတွင် တပ်မတော်(ကြည်း) အမှတ်(၁)အရာခံနှင့်အကြပ်ကြီး သင်ကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး ကျော်သူလှိုင်က ပြည်သူ့စစ်မှုထမ်းသင်တန်းသား(၄၉၉)ဦးအား သင်တန်းဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။
ထို့နောက်ပြည်နယ်ဝန်ကြီးနှင့်အတူ တာဝန်ရှိသူများကစားရိပ်သာခန်းမ၌ ပြည်သူ့စစ်မှုထမ်း သင်တန်းသားများအား ကြိုဆိုဂုဏ်ပြုစကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့ပြီး ပြည်သူ့စစ်မှုထမ်း သင်တန်းသားများနှင့်အတူတကွ လက်ဖက်ရည်သုံးဆောင်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်