မော်လမြိုင် ဧပြီ ၂၇
မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပေါ်လုံခြုံရေးတာဝန်) အဖွဲ့ဝင်များ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၆) ပညာရေးကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ဇော်လွင်က အမှာစကားပြောကြားရာ၌ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ တာဝန်ပေးအပ်ရာတွင် စနစ်တကျဖြစ်စေရေးအတွက် မော်လမြိုင်မြို့နယ်ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးကြီးကြပ်ကွပ်ကဲမှုအဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါကြောင်း၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပေါ်လုံခြုံရေးတာဝန်) အဖွဲ့ဝင်များအနေဖြင့် လုံခြုံရေးဆိုင်ရာ ပြည်သူ့လုံခြုံရေးစနစ် ပိုမိုခိုင်မာအောင်မြင်နိုင်ရန်အတွက် ပြည်သူလူထုနှင့်အတူ ပူးပေါင်း၍ လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း အစရှိသည်များကို ပြောကြားခဲ့သည်။
ထို့နောက် မော်လမြိုင်မြို့နယ် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်က နည်းပြများနှင့် သင်တန်းသားများအတွက် ချီးမြှင့်ငွေများပေးခဲ့ရာ သင်တန်းတာဝန်ခံအရာရှိက လက်ခံရယူခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။
အဆိုပါ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပေါ်လုံခြုံရေးတာဝန်) စွမ်းရည်မြှင့်သင်တန်းကို (၄)ပတ်ကြာဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)