ကလော ဧပြီ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင် ပြည်သူ့ဆေးရုံ၊ အောင်ပန်းမြိုနှင့် ဟဲဟိုးမြိုအတွင်းရှိ မြိုနယ်၊ကျေးရွာများတွင် မန္တလေးမြို့သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်မှ ပါမောက္ခများ ဦးဆောင်၍ ဘွဲ့လွန်သင်တန်းသားဆရာဝန်များပါဝင်သည့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းမှစ၍ ကွင်းဆင်းဆေးကုသရေးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကုသရာတွင် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ် ဒေါက်တာကျော်တင့်၊ ဒု-ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်း၊ ပါမောက္ခ ဒေါက်တာမောင်မောင်မြင့်၊ ပါမောက္ခဒေါက်တာဇေယျာမောင် ဦးဆောင်သော သွားနှင့်ခံတွင်းအထူးကုဆရာဝန်များ၊ ဘွဲ့လွန်သွားဘက်ဆိုင်ရာကျောင်းသား၊ ကျောင်းသူများနှင့် နောက်ဆုံးနှစ် သွားဘက်ဆိုင်ရာ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၁၀၃) ဦးတို့သည် (၂၅.၄.၂၀၂၆) ရက်နေ့မှ (၂၉.၄.၂၀၂၆) ရက်နေ့အထိ သွားဘက်ဆိုင်ရာရောဂါများကုသပေးခြင်း၊ အံကပ်များအခမဲ့တပ်ဆင်ပေးခြင်း၊ သွားနှင့်ခံတွင်းဆိုင်ရာစစ်တမ်းကောက်ယူခြင်းနှင့် သွားကျန်းမာရေးအသိပညာပေးဟောပြောပွဲများ လုပ်ဆောင်မည်ဖြစ်ပြီး(၂၅.၄.၂၀၂၆) ရက်နေ့တွင် ကလောခရိုင် ပြည်သူ့ဆေးရုံတွင်လည်းကောင်း၊ အောင်ပန်းမြို့တွင် လှည်းရိုးကျောင်းတိုက်၌လည်းကောင်း လူကြီး (၁၉၄)ဦး၊ ကလေး (၇၀)ဦး၊ စုစုပေါင်း (၂၆၄)ဦးအား ကုသပေး၍ (၅၆)ဦးအား အံကပ်ပြုလုပ်ပေးခဲ့သည်။ အဆိုပါ သွားကျန်းမာရေးကွင်းဆင်းကုသမှုအား ကျန်းမာရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်မှ သွားရောက်ကြည့်ရှုခဲ့ပြီး ကလောမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်မှ ကွင်းဆင်းကုသပေးမည့် သွားဘက်ဆိုင်ရာအဖွဲ့အား အလှူငွေ ကျပ်သိန်း (၂၀)အား သွားရောက်ပေးအပ်လှူဒါန်း၍ ကလောခရိုင်ပြည်သူ့ဆေးရုံအုပ်၊ ဒု-ခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဝင်းသန္တာဖြူမှ ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)