ဗိုလ်တထောင် ဧပြီ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဆိပ်ကမ်းလုပ်သားပေါင်းစုံဓမ္မာရုံတွင် ပြုလုပ်သော စေတီတော်ဝန်ထမ်းများနှင့် ဘုရားဖူးလာပြည်သူများမှ “ဒဿမ” အကြိမ်မြောက် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် (၉)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး အလှည့်ကျသဘာပတိ ဦးတင်ရှိန်မှ သွေးလှူဒါန်းပွဲ ကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် သွေးလှူဘဏ် တာဝန်ခံဆရာဝန် ဒေါက်တာသန္တာမှ သွေးလှူဒါန်းပွဲနှင့်ပတ်သက်၍ ဆက်လက်ပြောကြားခဲ့ပြီး သွေးလှူဒါန်းပွဲပြီးဆုံးချိန်တွင် လာရောက်ကူညီကြသော ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများအား မေတ္တာငွေချီးမြှင့်ခဲ့သည်။ ပြီးနောက်အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သွေးလှူဒါန်းပွဲ၌ စေတီဝန်ထမ်းများ၊ သံဃာတော်များနှင့် ဘုရားဖူးလာပြည်သူအများအပြားလှူဒါန်းကြရာ သွေးလှူရှင်နှင့် ဝန်ထမ်းများကို အလှည့်ကျသဘာပတိနှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး သွေးအလှူရှင်များကို အားဆေးများ၊ အာဟာရမုန့်များ၊ အအေးများနှင့် အမှတ်တရအင်္ကျီတို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အိမြတ်ဝင်းထွဋ်