သထုံ ဧပြီ ၂၆
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် သထုံမြို့ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ် (သထုံ) သို့ သွားရောက်၍ ဦးစွာ ရှင်းလင်းဆောင်တွင် ပါမောက္ခချုပ်ဒေါက်တာနီလာသိန်းက တက္ကသိုလ်ဆိုင်ရာအချက်အလက်များနှင့် ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်တွက် ကျောင်းသား/ ကျောင်းသူအဆောင်၊ ဝန်ထမ်းအိမ်ရာ၊ စာသင်ဆောင်လိုအပ်ချက်၊ လျာထားပြီးလုပ်ငန်းများအခြေအနေများကို Power Pointဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတကာကို လေ့လာပါက ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများစွာ တစ်နေရာတည်း စုစည်းဖွင့်လှစ်ပေးလျက်ရှိသည့် ကမ္ဘာ့အဆင့်မြင့်မားသော Polytechnic University များစွာရှိပါကြောင်း၊ မိမိတို့လည်း ယခုအခါ ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်ကို ပေါင်းစည်းပြီး Polytechnic University အဖြစ် ထူထောင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ တက္ကသိုလ်တစ်ခုတည်းတွင် ဘာသာရပ်များ စုစည်းပို့ချနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး အခြားသော နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် သင်ကြားရေး ကွာခြားမှုမရှိကြောင်း၊ ယခုအခါ ကွန်ပျူတာတက္ကသိုလ် (သထုံ) နေရာတွင် ဆရာအတတ်ပညာတက္ကသိုလ်(သထုံ) ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော အဆောက်အအုံများ တည်ဆောက်ရေးနှင့် ပက်သက်၍ ရှေ့ဆက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များ သတ်မှတ်နိုင်ရေး ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည်းဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဖြည့်စွက်အကြံပြုဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကွန်ပျူတာတက္ကသိုလ်(သထုံ) သုံးထပ်စာသင်ဆောင်၊ (၈)ခန်းတွဲဝန်ထမ်းအိမ်ရာနေရာနှင့် ကျောင်းသား/ကျောင်းသူဆောင်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သထုံမြို့လိပ်အင်းရပ်ကွက်ရှိ ပဉ္စဂီရိချမ်းမြေ့စည် သီလရှင်ကျောင်းတိုက်သို့ သွားရောက်၍ အဆိုပါကျောင်းတိုက်ရှိ သီလရှင် ဆရာကြီး သဒ္ဓမ္မဇောတိကဓဇ ဒေါ်ဣန္ဒစာရီနှင့် ဆရာကြီး၊ ဆရာလေးတို့အား သွားရောက်ဖူးမြှော်၍ သာသနာရေးဆိုင်ရာကိစ္စရပ်များ တင်ပြဆွေးနွေးပြီး လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)