စဉ့်ကူးမြို့ ပြည်သူ့ဆေးရုံ၌ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသော ဒေသခံပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

စဉ့်ကူး ဧပြီ ၂၆

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၌ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသော ဒေသခံပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်သည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်စွာဝင်းခိုင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသော ဒေသခံပြည်သူများအား တစ်ဦးချင်းရောဂါဖြစ်ပွားခဲ့မှု အခြေအနေများကို မေးမြန်း၍ ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် စစ်ဗျူဟာမှူးသည် စဉ့်ကူးမြို့နယ် ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော မြို့နယ်ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ အလှူငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ရာ မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာ မြင့်သိန်းဦးက လက်ခံရယူ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)